မြန်မာ့သတ္တုတူးဖော်မှုကြောင့် ရေထုညစ်ညမ်းဟု ဆိုသော်လည်း ထိုင်းကုမ္ပဏီ ၅၀ ကျော်က သတ္တုများ ဆက်လက်တင်သွင်းနေကြောင်း Mongabay ဖော်ပြ

အောက်တိုဘာလ ၂ ရက်၊ ၂၀၂၆
မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများကြောင့် ထိုင်းနိုင်ငံအတွင်းရှိ မြစ် အနည်းဆုံး ၆ စင်းတွင် အာဆင်းနစ်၊ ကက်ဒ်မီယမ်နှင့် ခဲ အပါအဝင် သတ္တုဓာတ်များဖြင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသော်လည်း ထိုင်းကုမ္ပဏီ ၅၀ ကျော်က မြန်မာနိုင်ငံမှ သတ္တုများကို ဆက်လက်တင်သွင်းနေကြောင်း Mongabay သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Mongabay ၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ပထမ ၉ လတာအတွင်း ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ အန်တီမိုနီ၊ တန်းစတန်၊ ကြေးနီ၊ ခဲ နှင့် မဂ္ဂနီးစ် သတ္တုရိုင်း တန်ချိန် ၁၀၅,၇၅၂ တန် (တန်ဖိုးအားဖြင့် ထိုင်းဘတ် ၁၃ ဒသမ ၉ ဘီလီယံကျော်/ အမေရိကန်ဒေါ်လာ ၄၂၂ သန်းခန့်) တင်သွင်းခဲ့ပြီး ယင်းပမာဏမှာ ၂၀၂၄ ခုနှစ်ကထက် နှစ်ဆကျော် ပိုမိုများပြားခဲ့ပါတယ်။ တင်သွင်းလာသည့် သတ္တုဓာတ် အများအပြားကို လမ်ချဘန်းဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ရောင်းချနေခြင်း ဖြစ်ပါတယ်။
အဆိုပါ နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုမှာ ၁၈ လကျော်ကြာ ဖြစ်ပွားနေပြီး ဒေသခံ သောင်းပေါင်းများစွာအား သောက်သုံးရေနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့စေလျက် ရှိပါတယ်။ ယင်းအခြေအနေနှင့် ပတ်သက်၍ ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ လွှတ်တော်အမတ် ဖတ်ထရာဖုန်း လီလာဖတ် က အစိုးရအနေဖြင့် စစ်ဆေးမှုများ တင်းကြပ်ရန်နှင့် သတ္တုတူးဖော်မှုများက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိကြောင်း သက်သေမပြနိုင်မီအထိ မြန်မာနိုင်ငံမှ သတ္တုတင်သွင်းမှုကို ပိတ်ပင်ရန် တိုက်တွန်းထားကြောင်း သတင်းရရှိပါတယ်။
