DMZ အတွင်း မိုင်းပေါက်ကွဲမှုအတွက် တောင်းပန်ရန် တောင်ကိုရီးယား၏ တောင်းဆိုမှုကို မြောက်ကိုရီးယား ပယ်ချ

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆
ကိုရီးယားနှစ်နိုင်ငံ စစ်မဲ့ဇုန် (DMZ) အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၃ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားဘက်က တောင်းပန်ရန် တောင်ကိုရီးယား၏ တောင်းဆိုမှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျောင်က စက်တင်ဘာလ ၃၀ ရက်တွင် ပယ်ချလိုက်ပါတယ်။
အဆိုပါ စွပ်စွဲချက်များမှာ တောင်ကိုရီးယားဘက်က တင်းမာမှုများ မြင့်တက်လာစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသည့် လုပ်ဇာတ်သက်သက်သာဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ကာ မိုင်းထောင်ခဲ့ခြင်း မရှိကြောင်းနှင့် စွပ်စွဲချက်များအတွက် တောင်ကိုရီးယားဘက်က ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု ကင်ယိုဂျောင်၏ ထုတ်ပြန်ချက်တွင် သတိပေးထားပါတယ်။
စက်တင်ဘာလ ၂၁ ရက်က DMZ နယ်စပ် တောင်ကိုရီးယားဘက်ခြမ်း၌ ဖြစ်ပွားခဲ့သော အဆိုပါ ပေါက်ကွဲမှုမှာ မြောက်ကိုရီးယားဘက်က စစ်မဲ့ဇုန် ခိုင်မာစေရန် ထောင်ထားသည့် မိုင်းများကြောင့်ဖြစ်ကြောင်း တောင်ကိုရီးယားက စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုအတွက် တောင်းပန်ရန်နှင့် နယ်စပ်စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန် မြောက်ကိုရီးယားထံ တောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။
