အိန္ဒိယ-မြန်မာနယ်စပ်၌ နာဂလက်နက်ကိုင်အဖွဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၆
အိန္ဒိယ-မြန်မာနယ်စပ်၊ အာရုဏာချယ် ပရာဒေးရှ် ပြည်နယ် ချမ်းလန်းခရိုင် နမ်ဖုန်းချောင်းအနီး၌ နယ်စပ်ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းများ လုံခြုံရေးအတွက် ကင်းလှည့်နေသည့် အမှတ် (၂၁) အာသံရိုင်ဖယ် တပ်ရင်းမှ တပ်ဖွဲ့ဝင်များကို နာဂလက်နက်ကိုင် အဖွဲ့တစ်ခုက ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် အာသံရိုင်ဖယ် တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
တိုက်ခိုက်မှုကြောင့် အသက် ၄၂ နှစ်အရွယ် တပ်ကြပ်ကြီး ဂျန်ခိုခိုင်ကူကီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးဝါးကုသမှု ပေးနိုင်ရေး ရွှေ့ပြောင်းပေးလျက်ရှိပါတယ်။ ယင်းတိုက်ခိုက်မှုကို နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K-YA) အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း မူလအစီရင်ခံစာများတွင် ဖော်ပြသော်လည်း တရားဝင် အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးပေ။ အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက အဆိုပါနယ်မြေအတွင်း စစ်ဆင်ရေးများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။
အဆိုပါ ဖြစ်စဉ်သည် အိန္ဒိယဗဟိုအစိုးရက လက်နက်ကိုင်တပ်ဖွဲ့များ (အထူးလုပ်ပိုင်ခွင့်) အက်ဥပဒေ (AFSPA) ကို အောက်တိုဘာလ ၁ ရက်မှစ၍ နောက်ထပ် ၆ လ သက်တမ်းမတိုးမီ နှစ်ရက်အလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ ချမ်းလန်းခရိုင် ရဲမှူးကြီး Kirli Padu က ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် သတင်းအချက်အလက်များကို စုဆောင်းစုံစမ်းရန် ညွှန်ကြားထားပြီး အာသံရိုင်ဖယ် တပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သတင်းရရှိပါတယ်။
