လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဥပဒေ၊ နည်းဥပဒေများကို သေချာစွာ လေ့လာထားရန် ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၆
လွှတ်တော်ကိုယ်စားလှယ်များ အားလုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သေချာစွာ လေ့လာသိရှိထားရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းက ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဥပဒေပြုရေး လုပ်ငန်းများကို ဆောင်ရွက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်မှာ အလွန်ကြီးမားသဖြင့် ကိုယ်တိုင်က ဥပဒေပညာရှင် မဟုတ်စေကာမူ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ကျွမ်းကျင်စွာ လေ့လာထားရမည်ဖြစ်ကြောင်း နာယက ဦးအောင်လင်းဒွေးက ဆိုပါတယ်။
ယခု အစည်းအဝေးကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ တင်သွင်းလာမည့် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းဆိုင်ရာ ရသုံးမှန်းခြေများနှင့် ဖြည့်စွက်ခွင့်ပြုမှန်းခြေများကို စိစစ်ပြဋ္ဌာန်းနိုင်ရေးအတွက် ရသုံးငွေများ စိစစ်ရေး ပူးပေါင်းအဖွဲ့ ၁၈ ဖွဲ့ကို ကြိုတင်ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် လွှတ်တော်အစည်းအဝေး ရပ်နားထားစဉ်ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ဖြစ်ပေါ်ခဲ့သော ရေဘေးအန္တရာယ်တွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ကြသည့် နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အလှူရှင်များကို အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခုအစည်းအဝေး၌ ပိုမိုများပြားသည့် လုပ်ငန်းတာဝန်များကို စိတ်ကောင်းစေတနာမှန်ဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် အသိပေး တိုက်တွန်းခဲ့ကြောင်း သတင်းရရှိပါတယ်။
