ဘန်ကောက်၌ ရေကြီးနေသည့်ကြားမှ စိုင်းစိုင်းခမ်းလှိုင်၏ “A Night in Bangkok” ဖျော်ဖြေပွဲ အောင်မြင်စွာ ကျင်းပ၊ မလာရောက်နိုင်သူများ လက်မှတ် QR ပြန်လည်အသုံးပြုနိုင်မည်

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၆
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မိုးကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်ကြားမှ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဦးဆောင်သည့် “A Night in Bangkok” ဂီတဖျော်ဖြေပွဲကို စက်တင်ဘာလ ၂၆ ရက်က Phenix Mall ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ရေဘေးကြောင့် မလာရောက်နိုင်ခဲ့သည့် ပရိသတ်များအနေဖြင့် လက်မှတ်များ သိမ်းဆည်းထားရန် စိုင်းစိုင်းခမ်းလှိုင်က အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဖျော်ဖြေပွဲကို စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဘန်နီဖြိုးနှင့် Bobby Soxer တို့ ပါဝင်တင်ဆက်ခဲ့ကြပြီး ပွဲမတိုင်မီ နှစ်ပတ်အလိုကတည်းက လက်မှတ်များအားလုံး ရောင်းကုန် (Sold Out) ခဲ့ခြင်း ဖြစ်ပါတယ်။ ပွဲမကျင်းပမီ တစ်ရက်အလိုတွင် ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ခရိုင် ၅၀ စလုံး၌ ရေဘေးအန္တရာယ် ကြေညာခဲ့ရသော်လည်း နီးနီးဝေးဝေးမှ ကြိုတင်ရောက်ရှိနေသည့် ပရိသတ်များ ရှိနေခြင်း၊ မိုးလုံလေလုံ ခန်းမကြီးတွင် ပြုလုပ်ခြင်းတို့ကြောင့် ပွဲကို ရွှေ့ဆိုင်းခြင်းမပြုဘဲ ဆက်လက်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပွဲမတက်ရောက်နိုင်ခဲ့သည့် ပရိသတ်များ၏ လက်မှတ် QR Code များကို ၆ လအထိ မပယ်ဖျက်ဘဲ ထားရှိပေးမည်ဖြစ်ပြီး မိုးလေကင်းလွတ်သည့် အချိန်တွင် နောက်ထပ်တစ်ပွဲ ပြန်လည်စီစဉ်ပေးကာ အဆိုပါ လက်မှတ်များဖြင့် ပြန်လည်ကြည့်ရှုနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
