ထားဝယ်တွင် နှစ်ပေါင်း ၈၀ အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့ပြီး လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းနှင့် ပြည်နယ်အချို့၌ မိုးကြီးနိုင်ဟု မိုး/ဇလ ထုတ်ပြန်

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မိုးရေချိန် ၁၁ ဒသမ ၀၂ လက်မ (၂၈၀ မီလီမီတာ) အထိ ရွာသွန်းခဲ့ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ မိုးရေချိန်သည် ထားဝယ်စခန်း စတင်ဖွင့်လှစ်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမြင့်ဆုံး မှတ်တမ်းဖြစ်ပြီး ယခင် စံချိန်ဟောင်းမှာ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က ရွာသွန်းခဲ့သည့် ၉ ဒသမ ၆၈ လက်မ (၂၄၆ မီလီမီတာ) ဖြစ်ပါတယ်။
လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် မွန်-တနင်္သာရီ ကမ်းရိုးတန်းတို့၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ယင်း လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် စက်တင်ဘာ ၂၇ ရက်ညမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ အပါအဝင် ကယား၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်ပါတယ်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်/ချောင်းငယ်များအနီး နေထိုင်သူများ၊ ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ငါးဖမ်းရေယာဉ်၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြု ရှောင်ရှားကြရန် မိုး/ဇလက အသိပေး နှိုးဆော်ထားပါတယ်။
