5G မိုဘိုင်းကွန်ရက်စနစ်များ မကြာမီ စတင်အသုံးပြုနိုင်မည်ဟု ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် ပြောကြား

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၆
မကြာမီကာလအတွင်း 5G မိုဘိုင်းကွန်ရက်စနစ်များကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က စက်တင်ဘာလ ၁၉ ရက်တွင် မိုဘိုင်းတယ်လီဖုန်း အော်ပရေတာများနှင့် အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
5G နည်းပညာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အော်ပရေတာများ အသုံးပြုရမည့် 2600MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကာ အကောင်အထည်ဖော် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ထို့ပြင် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ရှိ ရှုပ်ထွေးကေဘယ်လ်များ အဆင့်အလိုက် ရှင်းလင်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး MyTel ၏ ဒေတာစင်တာ လုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
ဆက်လက်၍ စက်တင်ဘာလ ၂၀ ရက်တွင် ဒုတိယဝန်ကြီးသည် သန်လျင်မြို့နယ်ရှိ ဂြိုဟ်တုဆက်သွယ်ရေး မြေပြင်စခန်း၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း ရေဒီယိုစခန်းများ၊ ပုဇွန်တောင်မြို့နယ်ရှိ ဆက်သွယ်ရေး သင်တန်းကျောင်းနှင့် ဗိုလ်တထောင်မြို့နယ်ရှိ ဗဟိုပစ္စည်း သိုလှောင်ရေးစခန်းတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
