ရန်ကုန်တိုင်းအတွင်း တရားမဝင် အွန်လိုင်းလောင်းကစား ပြုလုပ်သူ တရားခံ ၃၆ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီး၌ အွန်လိုင်းအသုံးပြု၍ တရားမဝင် လောင်းကစားလုပ်ငန်းများ အုပ်စုဖွဲ့ လုပ်ကိုင်နေသည့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း တရားခံ ၃၆ ဦးအား ကွန်ပျူတာ၊ ဖုန်း၊ ဆက်စပ်ပစ္စည်းများနှင့် မော်တော်ယာဉ် ၂ စီးတို့နှင့်အတူ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၁ ရက်နေ့က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် One5one ၊ buffalo 169 ၊ fujiu နှင့် Sport169 Game Website များဖြင့် အွန်လိုင်းလောင်းကစား ဦးဆောင်ပြုလုပ်နေသည့် အေးဉာဏ်ပိုင် အပါအဝင် ၂၅ ဦးအား ကွန်ပျူတာ၊ Laptop နှင့် လက်ကိုင်ဖုန်းအများအပြားဖြင့် စတင်ဖမ်းဆီးရမိခဲ့ရာမှ ကွင်းဆက်များ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက်စစ်ဆေးချက်များအရ အလုံ၊ ဒေါပုံ၊ ဗိုလ်တထောင်၊ တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်များနှင့် တာချီလိတ်၊ တောင်ငူမြို့တို့အထိ ကွင်းဆက်တရားခံများကို စက်တင်ဘာလ ၈ ရက်နေ့အထိ အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ဆေးချက်များအရ “99 Legends Online Game” အပါအဝင် အွန်လိုင်း 1D/2D/3D လောင်းကစားလုပ်ငန်းများကို တရုတ် (ထိုင်ဝမ်) နိုင်ငံသား PI CHIEF YU (ခ) Jack Pi ၏ စေခိုင်းမှုဖြင့် အောင်ကျော် (ခ) AK က စီမံခန့်ခွဲခဲ့ခြင်းဖြစ်ပြီး၊ ရရှိသည့် လောင်းကြေးငွေများကို အဆိုပါ ထိုင်ဝမ်နိုင်ငံသား၏ ဘဏ်အကောင့်များသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရပါတယ်။ လက်ရှိတွင် ဖမ်းဆီးရမိသူများ၏ လုပ်ငန်းသုံး ဘဏ်အကောင့် ၁၂ ခုနှင့် သိမ်းဆည်းရမိ သက်သေခံပစ္စည်းများကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါတယ်။

