ပြွန်တန်ဆာနှင့် ဒိုက်ဦးကြား DEMU ရထားနှင့် ထွန်စက်တိုက်မိ၍ လူ ၂ ဦး သေဆုံး

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာဘူတာနှင့် ဒိုက်ဦးဘူတာအကြား တရားမဝင် ရထားလမ်းဖြတ်ကူးနေရာတစ်ခုတွင် စက်တင်ဘာလ ၁၄ ရက် ညနေ ၄ နာရီခန့်က အမှတ် (၈) အစုန် DEMU အမြန်ရထားနှင့် ထွန်စက်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ထွန်စက်ပေါ်ပါလာသည့် အမျိုးသား ၂ ဦး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
နေပြည်တော်မှ ထွက်ခွာလာသည့် DEMU ရထားသည် ပြွန်တန်ဆာမြို့မှ ကမာဖရုံကျေးရွာသို့ ဖြတ်ကူးသည့် နေရာတွင် တိုက်မိခဲ့ခြင်းဖြစ်ပြီး ထွန်စက်မှာ နှစ်ပိုင်းပြတ် ပျက်စီးသွားခဲ့သလို ရထား၏ ရှေ့ပိုင်းတွင်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါတယ်။ သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို ရွှေရဲနွယ် လူမှုကူညီရေးအသင်းက ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ရန်ကုန်မှ ထွက်ခွာလာသည့် အမှတ် (၅) အဆန် DEMU ရထားနှင့် ဘေးတွဲဆိုင်ကယ် တိုက်မိကာ သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့သဖြင့် ၂ ရက်ဆက်တိုက် ရထားလမ်းဖြတ်ကူး မတော်တဆမှုများကြောင့် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ရပါတယ်။ ထို့ကြောင့် မြန်မာ့မီးရထား တာဝန်ရှိသူများက ရထားလမ်းဖြတ်ကူးရာတွင် သတ်မှတ်ထားသည့် စည်းကမ်းများကို သေချာစွာ လိုက်နာကြရန် ထပ်မံ သတိပေးနှိုးဆော်ထားပါတယ်။
