အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းနှင့် ကုလားတန် စီမံကိန်းကိစ္စများ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၆
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းနှင့် ကုလားတန် ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေး စီမံကိန်းများ လွယ်ကူချောမွေ့စွာ အကောင်အထည်ဖော် ပြီးစီးရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် စက်တင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ရာတွင် နှစ်နိုင်ငံ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် နယ်စပ်ဒေသများအတွက် အကျိုးပြုမည့် ဒေသတွင်း ချိတ်ဆက်မှုနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများကို ပူးပေါင်းဖော်ဆောင်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။ အိန္ဒိယအစိုးရအနေဖြင့် ယင်းစီမံကိန်းများကို ၂၀၂၇ ခုနှစ်တွင် အပြီးသတ် ဖော်ဆောင်ရန် ဆန္ဒရှိနေပါတယ်။
သို့သော်လည်း သုံးနိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းဖြတ်သန်းရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူး-ကလေး-ယာကြီး-မုံရွာ လမ်းပိုင်းနှင့် ကုလားတန် စီမံကိန်းတည်ရှိရာ ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ် စစ်တွေဒေသတို့တွင် တပ်မတော်နှင့် တော်လှန်ရေး လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသဖြင့် စီမံကိန်းလုပ်ငန်းများ လက်တွေ့ဖော်ဆောင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရပါတယ်။ ထို့ကြောင့် နိုင်ငံရေးနှင့် စစ်ရေး အကဲခတ်များက အိန္ဒိယအနေဖြင့် အစိုးရအချင်းချင်း (G to G) ဆက်ဆံရုံဖြင့် မလုံလောက်ဘဲ စီမံကိန်း လမ်းကြောင်းပေါ်ရှိ ဒေသခံ လက်နက်ကိုင် အင်အားစုများနှင့်ပါ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုထားကြပါတယ်။
