ဟာလန်း၏ အနိုင်ဂိုးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် လွဲမှားခဲ့ကြောင်း ဒိုင်လူကြီးအဖွဲ့ ပရိုရက်ဖ် ဝန်ခံ

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၆
မန်ချက်စတာဒါဘီ ပွဲစဉ်အတွင်း မန်ချက်စတာစီးတီးအသင်းမှ အာလင်း ဟာလန်း သွင်းယူခဲ့သည့် အနိုင်ဂိုးအား အတည်ပြုပေးခဲ့မှုအပေါ် ဆုံးဖြတ်ချက် လွဲမှားခဲ့ကြောင်း ပရီးမီးယားလိဂ် ဒိုင်လူကြီးများအဖွဲ့ (Pro Ref) က ဝန်ခံပြောကြားလိုက်ပါတယ်။
အိုးထရက်ဖို့ဒ်ကွင်း၌ ကျင်းပခဲ့သည့် အဆိုပါပွဲစဉ်တွင် စီးတီးအသင်းမှ ဟာလန်းသည် ပွဲချိန် မိနစ် ၆၀ ၌ ဂဗာဒီယို၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် ဂိုးသွင်းယူခဲ့သော်လည်း ကွင်းအတွင်း လိုင်းဒိုင်က လူကျွံဘောအဖြစ် မူလက သတ်မှတ်ခဲ့ပါတယ်။ ထို့နောက် VAR ဖြင့် ပြန်လည်စစ်ဆေးခဲ့ရာ ယူနိုက်တက်ခံစစ်မှူး ပက်ထရစ် ဒေါဂူ၏ ခြေထောက်နှင့် ငြိနေသဖြင့် ဟာလန်းမှာ လူမကျွံကြောင်းတွေ့ရှိရကာ ဂိုးအဖြစ် ပေးခဲ့တာ ဖြစ်ပါတယ်။
သို့သော်လည်း ဂိုးဧရိယာအတွင်း ပိုမိုဗဟိုကျသော နေရာ၌ ရှိနေပြီး လူကျွံနေသည့် စီးတီးကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်၏ ဘောလုံးယှဉ်လုရန် ကြိုးပမ်းမှုမှာ ကစားကွက်ကို နှောင့်ယှက်မှု ဖြစ်မဖြစ် ငြင်းခုံဖွယ် ဖြစ်ပေါ်ခဲ့ပါတယ်။
ပရိုရက်ဖ်အဖွဲ့က “အန်ဇို ဖာနန်ဒက်ဇ်သည် ဘောလုံးကို တိုက်ရိုက်ထိတွေ့ခဲ့ခြင်း မရှိသဖြင့် လူကျွံဘော ကျူးလွန်ခြင်း ရှိမရှိမှာ အခြေအနေအပေါ် မူတည်၍ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ သို့သော် အဆိုပါဖြစ်စဉ်တွင် VAR အဖွဲ့အနေဖြင့် ဖာနန်ဒက်ဇ်၏ တည်နေရာက ကစားကွက်အပေါ် သက်ရောက်နိုင်မှုကို ထည့်သွင်းမစဉ်းစားခဲ့ဘဲ ကွင်းဘေးရှိ မော်နီတာတွင် ဒိုင်လူကြီးအား ပြန်လည်ကြည့်ရှုရန် အကြံပြုခဲ့သင့်ကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ မှားယွင်းမှုအတွက် မန်ချက်စတာယူနိုက်တက်အသင်းထံ ဆက်သွယ် အကြောင်းကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ယူနိုက်တက်ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်က “မတရားမှု” တစ်ခုအဖြစ် ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး နည်းပြ မိုက်ကယ် ကာရစ်ကလည်း ဒိုင်များ၏ ဆုံးဖြတ်ချက်အပေါ် နားမလည်နိုင်အောင် ဖြစ်ရကြောင်း ပြောကြားခဲ့ပါတယ်။
ယင်းပွဲစဉ် ပထမပိုင်း ပွဲချိန် ၂၃ မိနစ်တွင် စီးတီးကွင်းလယ်လူ ဖီးလ် ဖိုဒန်သည် ယူနိုက်တက်ခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်အား ကန်ကျောက်ခဲ့မှုကြောင့် တိုက်ရိုက်နီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသဖြင့် စီးတီးအသင်းသည် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရခြင်း ဖြစ်ပါတယ်။ ဖိုဒန်၏ နီကတ်နှင့် ပတ်သက်၍လည်း ဝေဖန်သုံးသပ်သူများအကြား အမြင်အမျိုးမျိုး ကွဲလွဲလျက် ရှိပါတယ်။
