ကမ္ဘောဒီးယားခရီးစဉ်မှ အာဆီယံနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဓိက ရလဒ်များ ထွက်ပေါ်ခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ရှင်းလင်း

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက မီဒီယာများ၏ မေးမြန်းမှုများကို ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ရှင်းလင်းချက်တွင် ဒုတိယဝန်ကြီးက ခရီးစဉ်၏ အဓိက အောင်မြင်မှုများအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံဘက်မှ လှိုက်လှဲစွာ ကြိုဆိုခဲ့မှုနှင့်အတူ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအား ဖယ်ကြဉ်ထားမှုများကို လက်မခံဘဲ မူလအတိုင်း တက်တက်ကြွကြွ ပြန်လည်ပါဝင်လာရေး အပြည့်အဝ ထောက်ခံသည့် ရပ်တည်ချက်ကို ခိုင်မာစွာ ပြသခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကိုလည်း ကမ္ဘောဒီးယား နိုင်ငံ့အကြီးအကဲများက အပြည့်အဝ အားပေးထောက်ခံခဲ့ကြပါတယ်။
လက်တွေ့အကျိုးရလဒ်များ အနေဖြင့် ပုဂံနှင့် ဆီရမ်ရိ မြို့များအား ညီအစ်မမြို့တော် (Sister City) အဖြစ် ဆက်လက်ဆောင်ရွက်ရေး၊ “Two Countries, One Destination” ခရီးသွားအစီအစဉ် အကောင်အထည်ဖော်ရေး၊ တိုက်ရိုက်လေကြောင်းလိုင်းများ တိုးချဲ့ရေးနှင့် လယ်ယာ/စက်မှုထွက်ကုန်များ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များ ရရှိခဲ့ပါတယ်။ ထို့ပြင် ဟိုချီမင်း – ဖနွမ်းပင် – ဗန်ကောက်မှတစ်ဆင့် မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်းမှ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ဖန်တီးပေးမည့် ကုန်းလမ်းကြောင်းဆိုင်ရာ အဆိုပြုချက်ကိုလည်း ကမ္ဘောဒီးယားဘက်မှ စိတ်ဝင်စားစွာ ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဖြစ်ပွားနေသည့် နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းကြရန် တိုက်တွန်းခဲ့ပြီး၊ East-West Corridor လမ်းကြောင်း ပေါ်ပေါက်လာပါက ဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
