နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ


စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် ယနေ့ စတင်ထွက်ခွာခဲ့ကြောင်း သိရပါတယ်။

နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည့် နိုင်ငံတော်သမ္မတအား ဒုတိယသမ္မတ ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ အဆိုပါ ခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပါတယ်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီနိုင်ငံတော်အကြီးအကဲ) နှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပပြုလုပ်သွားမည်ဖြစ်သလို၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း သီးခြားတွေ့ဆုံသွားမည် ဖြစ်ပါတယ်။ ထို့ပြင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရေး၊ အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံရှိ အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားများကိုလည်း လေ့လာဖူးမြော်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
