ရီးရဲလ်မက်ဒရစ်အသင်း အင်တာမီလန်ကို အနိုင်ရသည့်ပွဲတွင် ကီလီယန် အမ်ဘာပေ ချန်ပီယံလိဒ် သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူသူစာရင်း၏ အဆင့် ၅ တွင် ပူးတွဲရပ်တည်နိုင်ခဲ့

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆
ရီးရဲလ်မက်ဒရစ်အသင်းက အင်တာမီလန်အသင်းကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေ (Kylian Mbappe) သည် ချန်ပီယံလိဒ်နှင့် ဥရောပဖလား သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းယူသူ စာရင်း၏ အဆင့် ၅ နေရာ၌ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင် အမ်ဘာပေသည် နည်းပြ ဟောဆေး မော်ရင်ဟို၏ အသင်းအတွက် ပွဲချိန် ၁၄ မိနစ်တွင် စတင်ဂိုး သွင်းယူပေးခဲ့ပြီး ယင်းဂိုးသည် ၎င်း၏ ချန်ပီယံလိဒ် ပွဲပေါင်း ၉၉ ပွဲတွင် ၇၁ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။ ၎င်း၏အထက်တွင် ကရင် ဘန်ဇီးမား (၉၀ ဂိုး)၊ ရောဘတ် လီဝန်ဒေါစကီး (၁၀၉ ဂိုး)၊ လီယိုနယ် မက်ဆီ (၁၂၉ ဂိုး) နှင့် ခရစ္စတီယာနို ရော်နယ်ဒို (၁၄၀ ဂိုး) တို့သာ ရှိတော့တာ ဖြစ်ပါတယ်။ ရီးရဲလ်နှင့်အတူ ချန်ပီယံလိဒ် ၃ ကြိမ်ရရှိခဲ့ဖူးသည့် ရာအူးလ်သည် ပွဲပေါင်း ၁၄၂ ပွဲတွင် ၇၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် အင်တာမီလန် ဂိုးသမား ဂျိုးဆပ် မာတီနက်ဇ်၏ အမှားမှတစ်ဆင့် အသင်းခေါင်းဆောင် ဖီဒရီကို ဗဲဗာဒီက သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်တွင် ကားလို့စ် အော်ဂူစတိုက အင်တာမီလန်အတွက် ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်က ၂ ဂိုး – ၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။ နိုင်ပွဲရရှိခဲ့သော်လည်း ရီးရဲလ်မက်ဒရစ် ကစားသမားများ၏ ခြေစွမ်းပေါ် ပရိသတ်များက ကျေနပ်မှုမရှိဘဲ ပွဲစဉ်အတွင်း မကျေနပ်ကြောင်း ဖော်ပြခဲ့ကြတယ်လို့ သိရပါတယ်။
