// | DailyBriefNews တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၌ ပြည်သူ့ပါတီမှ ကိုယ်စားလှယ် ၂ ဦး အမတ်နေရာ စွန့်လွှတ်လိုက်ရပြီး ပြည်ခိုင်ဖြိုးပါတီမှ ၂ ဦး အစားထိုး အမတ်ဖြစ်လာ -

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၌ ပြည်သူ့ပါတီမှ ကိုယ်စားလှယ် ၂ ဦး အမတ်နေရာ စွန့်လွှတ်လိုက်ရပြီး ပြည်ခိုင်ဖြိုးပါတီမှ ၂ ဦး အစားထိုး အမတ်ဖြစ်လာ

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တွင် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အမတ်နေရာ စွန့်လွှတ်လိုက်ရပြီး၊ အဆိုပါ နေရာများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) မှ ကိုယ်စားလှယ် ၂ ဦး အစားထိုး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ အတည်ပြု ထုတ်ပြန်ချက်များအရ သိရပါတယ်။

မြိတ်မြို့နယ် မဲဆန္ဒနယ်၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁) ပြည်သူ့ပါတီမှ ဦးခိုင်ဦးအား ရွေးကောက်တင်မြှောက်ခဲ့ခြင်းကို အဆိုပါ မဲဆန္ဒနယ်မှ ယှဉ်ပြိုင်အရွေးခံသူ ဦးဝင်းကြူက ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ကော်မရှင်က ရွေးကောက်ပွဲ ခုံအဖွဲ့ဖြင့် စစ်ဆေးခဲ့ပါတယ်။ ထို့နောက် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်စွဲပါ အယူခံမှု ဆုံးဖြတ်ချက်အရ ဦးခိုင်ဦးအား ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်းနှင့် ပြည်ခိုင်ဖြိုးပါတီမှ ဦးဝင်းကြူသည် ဥပဒေနှင့်အညီ အနိုင်ရရှိသည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁) ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အလားတူ ရွေးကောက်ပွဲ ကန့်ကွက်လွှာ ဆုံးဖြတ်ချက်အရ ဦးခိုင်ဦး ရရှိခဲ့သည့် မဲရလဒ်များကို နုတ်ပယ်၍ ခိုင်လုံမဲများကို ပြန်လည်တွက်ချက်ခဲ့ရာ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ်အမှတ် (၁) ၌ လောင်းလုံးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ် (၂) ပြည်သူ့ပါတီမှ ဦးတင်စိုးသည်လည်း အမတ်အဖြစ် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း သိရပါတယ်။ ထို့ကြောင့် ပါတီများ၏ ဦးစားပေး အစီအစဉ်အတိုင်း တင်ပြထားသည့် စာရင်းများအရ လောင်းလုံးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ် (၂) အဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်မြမြစိမ်းအား အစားထိုး သတ်မှတ်ကြေညာခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “ရွှေမြင်းမိုရ် ပြိုမှာစိုးတယ်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနား ရွှေတိဂုံစေတီတော်၌ ကျင်းပ
Next post လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှု ပိတ်ဆို့ရေးလုပ်ငန်းများ၌ Steel Sheet Pile ရိုက်သွင်းခြင်း အပြီးသတ်ပြီးစီး၍ ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ပြီဖြစ်