// | DailyBriefNews မူးယစ်ဆေးဝါး ဝင်ရောက်မှု တားဆီးရန် မြန်မာနယ်စပ်ကို လုံးဝပိတ်ဆို့မည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ပြောကြား -

မူးယစ်ဆေးဝါး ဝင်ရောက်မှု တားဆီးရန် မြန်မာနယ်စပ်ကို လုံးဝပိတ်ဆို့မည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ပြောကြား

AA2bGHha

စက်တင်ဘာလ ၈ ရက်၊ ၂၀၂၆

အိန္ဒိယနိုင်ငံအား လာမည့် သုံးနှစ်အတွင်း မူးယစ်ဆေးဝါး ကင်းစင်သည့် နိုင်ငံဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနှင့် အာဖဂန်နစ္စတန်တို့မှ မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို တားဆီးရန် အိန္ဒိယနယ်စပ်များကို လုံးဝပိတ်ဆို့သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Mr. Amit Shah က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။

‘မူးယစ်ဆေးဝါး ကင်းစင်သော အိန္ဒိယ’ ဖြစ်လာစေရေးအတွက် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ ၂၀၂၉ ခုနှစ် ဇွန်လအထိ သုံးနှစ်တာ လမ်းပြမြေပုံကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။ ထို့အပြင် လာမည့် သုံးနှစ်အတွင်း ဝှက်ထားသော မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဓာတ်ခွဲခန်း ၁၀၀ ကို ဖျက်ဆီးသွားမည်ဖြစ်ပြီး၊ ရောင်းလိုအား လျှော့ချခြင်း၊ ဝယ်လိုအား လျှော့ချခြင်း၊ ဘေးအန္တရာယ် လျှော့ချခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း စသည့် ရလဒ် ၄ ခုကို အဓိကထားသည့် စတုဂံပုံစံ မဟာဗျူဟာဖြင့် မူးယစ်ဆေးဝါး ကွန်ရက်များကို ဖြိုခွဲသွားမည်ဟု ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသည် “သေမင်းတြိဂံ” ဟု တင်စားခေါ်ဆိုသည့် ရွှေတြိဂံဒေသ (မြန်မာ၊ လာအို၊ ထိုင်း) နှင့် “သေမင်းလခြမ်း” ဟု ခေါ်ဆိုသည့် ရွှေလခြမ်းကွေးဒေသ (အာဖဂန်နစ္စတန်၊ အီရန်၊ ပါကစ္စတန်) တို့၏ နယ်စပ်နှစ်ခုကြားတွင် ပိတ်မိနေကြောင်းနှင့် ပွင့်ဟနေသည့် မြန်မာနယ်စပ်ကို ပိတ်ဆို့ရန် ဆောင်ရွက်နေကြောင်းလည်း ၎င်းက ဖော်ပြခဲ့ပါတယ်။

ထို့အပြင် ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း ရူပီး ဘီလီယံ ၄၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး ကီလိုဂရမ် ၂ ဒသမ ၆ သန်းသာ သိမ်းဆည်းနိုင်ခဲ့သော်လည်း ၂၀၁၄ မှ ၂၀၂၆ ခုနှစ်အတွင်း ရူပီး ဘီလီယံ ၁,၈၉၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး ကီလိုဂရမ် ၁၁ ဒသမ ၉ သန်းကျော်အထိ တိုးမြှင့်သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ၂၀၂၄ မှ ၂၀၂၆ ခုနှစ် ဇွန်လအထိ တရားဥပဒေ စိုးမိုးရေး အေဂျင်စီများက အမှုပေါင်း ၃,၀၁၆ မှုမှ ရူပီး ၁,၈၄၁ ကုဋေ တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ပြီး မူးယစ်ဆေးဝါး ကုန်ကူးသူ ရာဇဝတ်သား ၁၀၀ ထက်မကကို အိန္ဒိယသို့ ပြန်လည်ခေါ်ဆောင် အရေးယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာနက်ကရာကာတော မီးတောင်ပြာများကြောင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာနှင့် လမ်ပွန် လေဆိပ်များတွင် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း
Next post ရေဘေးသင့်ပြည်သူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ဆောင်ရွက်ပေး