အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ရုရှားသမ္မတ ပူတင်အား အင်ဒိုနီးရှားသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်

စက်တင်ဘာလ ၄ ရက်၊ ၂၀၂၆
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က ရုရှားသမ္မတ ဗလာဒီမာ ပူတင် အား အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်လည်ပတ်ရန် စက်တင်ဘာလ ၃ ရက်တွင် ကျင်းပသည့် အရှေ့ပိုင်းစီးပွားရေးဖိုရမ် (EEF) ၏ မျက်နှာစုံညီအစည်းအဝေး၌ တရားဝင် ဖိတ်ကြားလိုက်ပါတယ်။
သမ္မတ ဆူဘီယန်တိုက အင်ဒိုနီးရှားအနေဖြင့် မည်သည့် စစ်ရေးမဟာမိတ်အဖွဲ့နှင့်မျှ ပူးပေါင်းမည် မဟုတ်သော်လည်း စီးပွားရေး မဟာမိတ်အဖွဲ့များနှင့် လက်တွဲရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ၂၀၂၅ ခုနှစ်တွင် ရုရှားနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ရောက်ရှိခဲ့ရာ အနာဂတ်တွင် ကုန်သွယ်ရေးပမာဏကို နှစ်ဆတိုးမြှင့်ရန်နှင့် ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ ပိုမိုခိုင်မာစေရန် အဆိုပြုခဲ့ပါတယ်။
ယင်းအပြင် ရုရှားစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အင်ဒိုနီးရှား၌ လာရောက် ရင်းနှီးမြှုပ်နှံပြီး စက်မှုလုပ်ငန်းများနှင့် စီးပွားရေး တန်ဖိုးများကို အတူတကွ ပူးပေါင်းဖန်တီးကြရန်လည်း သမ္မတ ဆူဘီယန်တိုက ဖိတ်ခေါ်ပြောကြားခဲ့ကြောင်း သိရပါတယ်။
