မန်စီးတီးသို့ ပြောင်းရွှေ့အပြီးတွင် အန်ဇို ဖာနန်ဒက်စ်က ချဲလ်ဆီးအသင်းအား ပုတ်ခတ်ပြောဆို

စက်တင်ဘာလ ၃ ရက်၊ ၂၀၂၆
အာဂျင်တီးနား ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ် (Enzo Fernandez) က မိမိအနေဖြင့် “မန်ချက်စတာစီးတီး ကဲ့သို့ အသင်းကြီးတစ်သင်းတွင် ကစားရန် အမြဲမပြတ် အိမ်မက်မက်ခဲ့ဖူးသည်” ဟု ပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းအား ပုတ်ခတ်ပြောဆိုလိုက်ပါတယ်။
စတန်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာခဲ့သည့် အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနား ကွင်းလယ်လူသည် အပြောင်းအရွှေ့ ရာသီနောက်ဆုံးရက်၏ နောက်ကျပိုင်းအချိန်များတွင် ဗြိတိန် စံချိန်တင် အပြောင်းအရွှေ့ကြေးတစ်ရပ်ဖြစ်သည့် ပေါင် ၁၂၅ သန်းဖြင့် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပါတယ်။
ဖာနန်ဒက်စ်သည် လန်ဒန်တွင် ရှိနေစဉ်အတွင်း ချဲလ်ဆီးအသင်းနှင့်အတူ ကလပ်ကမ္ဘာ့ဖလား (Club World Cup) နှင့် ယူအီးအက်ဖ်အေ ကွန်ဖရင့်လိဂ် (UEFA Conference League) ဆုဖလားများကို ဆွတ်ခူးနိုင်ခဲ့သော်လည်း ယခုအခါ မန်စီးတီးအသင်းနှင့်အတူ ပိုမိုကြီးမားသည့် အောင်မြင်မှုများကို ဆက်လက်ဆွတ်ခူးနိုင်တော့မည်ဟု ယုံကြည်နေပါတယ်။
၎င်းက မန်စီးတီးအသင်း၏ ဝဘ်ဆိုက်မှတစ်ဆင့် – “ဒီကို ရောက်လာခဲ့တဲ့အတွက် တကယ်ပဲ ဝမ်းမြောက်မိပါတယ်။ မန်စီးတီးလို အသင်းကြီးတစ်သင်းမှာ ပါဝင်ခွင့်ရဖို့ အမြဲတမ်း အိမ်မက်မက်ခဲ့တာပါ။ အခုလို အခွင့်အရေး ရရှိခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အသက် ၂၅ နှစ်အရွယ်မှာ အမြဲတမ်း အိမ်မက်မက်ခဲ့ရတဲ့ ဘောလုံးကစားသမား ဘဝခရီးလမ်းရဲ့ ဒီလိုခြေလှမ်းမျိုးကို လှမ်းလိုက်နိုင်တာဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက်တော့ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုတစ်ခု ပါပဲ”
“အခုလို ရောက်ရှိလာခဲ့ပြီး ကလပ်အသင်းမှာ ကုန်လွန်ခဲ့ရတဲ့ ပထမဆုံး နာရီပိုင်းလေးတွေကိုတင် မြတ်နိုးနေမိပါပြီ။ ဒီအသင်းဟာ ဘယ်လောက်အထိ ကြီးကျယ်ခမ်းနားလဲဆိုတာကို မြင်တွေ့နေရပြီဖြစ်သလို၊ ငါတို့အားလုံး အတူတူ ပျော်ရွှင်စွာနဲ့ အောင်မြင်မှုဆုဖလားတွေ အများကြီး အတူတကွ ဆွတ်ခူးသွားကြမှာပါ” ဟု ပြောကြားခဲ့ကြောင်း သိရပါတယ်။
