တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အနုပညာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်

စက်တင်ဘာလ ၂ ရက်၊ ၂၀၂၆
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ခဲ့ပြီး အကောင်းဆုံး တံခွန်စိုက်ဒိုင်းဆု ရရှိခဲ့သည့် အမှတ် (၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲအား တံခွန်စိုက်ဒိုင်းဆု ကိုယ်တိုင်ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

ယင်းအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူး၊ အကဲဖြတ် ဝါရင့်အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
