မလေးရှားတွင် ထိန်းသိမ်းခံ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ပထမအသုတ်အဖြစ် စက်တင်ဘာလ၌ မြန်မာနိုင်ငံသို့ ပြန်ပို့မည်

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၆
မလေးရှားနိုင်ငံတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများအနက် မြန်မာအစိုးရက စိစစ်အတည်ပြုထားပြီးဖြစ်သော ၁,၄၇၆ ဦးကို မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ပို့ရေး အစီအစဉ်၏ ပထမအသုတ်အဖြစ် စက်တင်ဘာ ၂၉ ရက်တွင် စတင်ပြန်ပို့တော့မည်ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ဩဂုတ် ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယခု ပြည်တော်ပြန်ပို့ရေး လုပ်ငန်းစဉ်တွင် မြန်မာရေတပ်မှ စစ်သင်္ဘော ၂ စင်းနှင့် ဆေးရုံသင်္ဘော ၁ စင်းကို အသုံးပြု၍ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ပါတယ်။
မလေးရှားနိုင်ငံတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၌ စာရင်းသွင်းထားသည့် ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံထားသူ ၂၁၅,၀၀၀ ကျော်ရှိသည့်အနက် ၉၅ ရာခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံမှ ဘင်္ဂါလီ၊ ချင်း၊ ကရင်နှင့် မွန် တိုင်းရင်းသားများ ဖြစ်ကြပါတယ်။ ဩဂုတ်လလယ်ပိုင်း စာရင်းများအရ မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၀,၃၈၈ ဦး ရှိနေပြီး၊ ယခုနှစ်မကုန်မီ ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်နှင့် သမိုင်းကြောင်းများကို မလေးရှားရဲတပ်ဖွဲ့နှင့် ပူးပေါင်းစိစစ်လျက် ရှိပါတယ်။
အဆိုပါ စိစစ်ပြီး ဒုက္ခသည်များအတွက် ရည်ရွယ်သည့် နေရပ်ပြန်ပို့ရေး အစီအစဉ်တွင် စုစုပေါင်း လူဦးရေ ၄,၀၀၈ ဦး ပါဝင်မည်ဖြစ်ကာ၊ သဘောတူညီချက်အရ အခြား လူ ၅,၀၀၀ မှာလည်း မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ကြမည် ဖြစ်ပါတယ်။ မလေးရှားအစိုးရအနေဖြင့် ယခု ပြည်တော်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို စနစ်တကျနှင့် ဂုဏ်သိက္ခာရှိစွာ ဆောင်ရွက်နိုင်ရန် မြန်မာအစိုးရနှင့် အစဉ်တစိုက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိပါတယ်။
