// | DailyBriefNews ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေသော်လည်း လက်တွေ့ဖြစ်နိုင်ခြေအပေါ် စိန်ခေါ်မှုများစွာ ရှိနေ -

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေသော်လည်း လက်တွေ့ဖြစ်နိုင်ခြေအပေါ် စိန်ခေါ်မှုများစွာ ရှိနေ

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၆

မလက္ကာရေလက်ကြားကို ရှောင်ကွင်း၍ အိန္ဒိယသမုဒ္ဒရာသို့ သွားရောက်နိုင်မည့် မဟာဗျူဟာမြောက် ရေကြောင်းဖြတ်လမ်းတစ်ခုအဖြစ် ရည်ရွယ်ခဲ့သည့် မြန်မာနိုင်ငံရှိ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ပြန်လည်စတင်ရန် မြန်မာ၊ ထိုင်းနှင့် ရုရှားနိုင်ငံတို့အကြား ကြိုးပမ်းလျက်ရှိသော်လည်း လက်နက်ကိုင်ပဋိပက္ခများ၊ ဘဏ္ဍာရေး အခက်အခဲများနှင့် ပထဝီနိုင်ငံရေးအရ အကဲဆတ်မှုများကြောင့် လက်တွေ့အကောင်အထည်ပေါ်ရေးအပေါ် မေးခွန်းထုတ်မှုများ ထွက်ပေါ်နေပါတယ်။

လွန်ခဲ့သည့် ဇူလိုင်လအတွင်းက မြန်မာနှင့် ရုရှားတို့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးခဲ့ပြီး ရုရှား၏ ပါဝင်မှုသည် ရေနက်ဆိပ်ကမ်း၊ ၆၆၀ မဂ္ဂါဝပ်ထွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံများအထိ ကျယ်ပြန့်လာခဲ့ရာ ယင်းသည် ရုရှားအတွက် ကပ္ပလီပင်လယ်ထဲ၌ ခြေကုပ်ရရှိစေမည်ဖြစ်သလို တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ဟန်ချက်ညှိရန်နှင့် မြန်မာဘက်ကလည်း ရင်းနှီးမြှုပ်နှံမှုများအတွက် ကြိုးပမ်းခြင်းလည်း ဖြစ်ပါတယ်။

တစ်ဖက်တွင်လည်း ထိုင်းနိုင်ငံ၌ ဒေါ်လာ ဘီလီယံ ၃၀ တန် Land Bridge စီမံကိန်း ရပ်ဆိုင်းသွားခဲ့ပြီးနောက် ထားဝယ်စီမံကိန်းအပေါ် ပြန်လည်စိတ်ဝင်စားလာခဲ့ပြီး ဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ဦးဆောင်သည့် ထိုင်းအစိုးရနှင့် မြန်မာအာဏာပိုင်များအကြား နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးနှင့် ထားဝယ် သမုဒ္ဒရာစင်္ကြံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါတယ်။

photo_2026-08-27_16-41-15

သို့သော်လည်း အထူးစီးပွားရေးဇုန် ပတ်ဝန်းကျင်ဒေသများနှင့် ထိုင်းနယ်စပ်အထိ ဆက်သွယ်မည့် လမ်းကြောင်းများတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသဖြင့် နယ်မြေစိုးမိုးမှုမရှိခြင်း၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကြောင့် စီးပွားရေး ပတ်ဝန်းကျင် ခက်ခဲနေခြင်းတို့အပြင် စီမံကိန်းကြီး ရေရှည်တည်တံ့ရန် လိုအပ်သည့် နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ရုရှားအနေဖြင့် လက်တွေ့ အပြည့်အဝ ပံ့ပိုးပေးနိုင်ပါ့မလားဆိုသည်မှာ စိန်ခေါ်မှုဖြစ်နေပါတယ်။

ထို့ပြင် ပိတ်ဆို့ခံထားရသည့် မြန်မာအစိုးရနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် OECD အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားဆဲဖြစ်သည့် ထိုင်းနိုင်ငံ၏ နိုင်ငံတကာ အဆင့်အတန်းနှင့် စီးပွားရေး ကျင့်ဝတ်ဆိုင်ရာ စိစစ်မှုများတွင် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ထောက်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာတွင် အဂတိလိုက်စားသော အရာရှိများကို သေဒဏ်ပေးရန်နှင့် ပိုင်ဆိုင်မှုများ သိမ်းဆည်းရန် ဆန္ဒပြသူများ တောင်းဆို
Next post ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နှင့် အနီးတစ်ဝိုက်ရှိ ရေဘေးသင့်ပြည်သူများထံ နေမင်းနှင့် ဖြိုးမြတ်အောင် ကိုယ်တိုင်သွားရောက် လှူဒါန်း