ထိုင်းရှိ မြန်မာလုပ်သားများအတွက် U-turn လုပ်ငန်းစဉ်နှင့် CI ထုတ်ပေးရေးဆိုင်ရာ မြန်မာ-ထိုင်း ဆွေးနွေး

ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆
(၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat နှင့် ဩဂုတ် ၂၅ ရက် ညနေပိုင်းတွင် ဒူးဆစ်ဌာနီ ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံအတွင်း MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေပြီး လေးနှစ်ပြည့်သွားသည့် မြန်မာလုပ်သားများ သက်တမ်းတိုး ဆက်လက်အလုပ်လုပ်နိုင်ရေးအတွက် U-turn လုပ်ငန်းစဉ် အမြန်ဆုံး ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေး၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမည့်နေရာများ တိုးချဲ့ရေးနှင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ယာယီအချက်အလက် ကောက်ယူရေးဌာန (TDCC) ဖွင့်လှစ်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင် မြန်မာလုပ်သားများ မိသားစုထံ တရားဝင်လမ်းကြောင်းမှ ငွေလွှဲပြောင်းနိုင်ရေး၊ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ စနစ်တကျ ရရှိရေးနှင့် နှစ်နိုင်ငံ လူမှုဖူလုံရေးအဖွဲ့များအကြား MoU ရေးထိုးနိုင်ရေးအပါအဝင် ထိုင်းနိုင်ငံအတွင်း နေရာဒေသနှင့် အလုပ်အကိုင် အမျိုးအစားအလိုက် ရောက်ရှိနေသည့် မြန်မာလုပ်သား အင်အားစာရင်း ရရှိရေးတို့အတွက် နှစ်နိုင်ငံကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
