// | DailyBriefNews မလေးရှားတွင် မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၇ ဦးနှင့် လမ်းပြ ဒေသခံ ၁ ဦး ဖမ်းဆီးခံရ -

မလေးရှားတွင် မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၇ ဦးနှင့် လမ်းပြ ဒေသခံ ၁ ဦး ဖမ်းဆီးခံရ

th

ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆

မလေးရှား ရေကြောင်းလုံခြုံရေးတပ်ဖွဲ့ (MMEA) သည် ကလန်တန်ပြည်နယ်၊ ကိုတာဘာရူးမြို့အနီး ကလန်တန်မြစ်ကမ်းပါးတစ်လျှောက်၌ ဩဂုတ် ၂၅ ရက် နံနက်အစောပိုင်းက စစ်ဆင်ရေးပြုလုပ်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၇ ဦးနှင့်အတူ လမ်းပြအဖြစ် မသင်္ကာရသူ မလေးရှားဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ယခုဖမ်းဆီးရမိမှုသည် ယခုနှစ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရမိမှု ဖြစ်တယ်လို့ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

မသင်္ကာဖွယ်ရာ မီးပိတ်မောင်းနှင်နေသည့် အမြန်ရေယာဉ်တစ်စီးကို MMEA ကင်းလှည့်ရေယာဉ်က တွေ့ရှိခဲ့သော်လည်း ရေတိမ်မြစ်ကြောင်းအတွင်း အရှိန်မြှင့်မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် ကုန်းဘက်စစ်ဆင်ရေးအဖွဲ့ စေလွှတ်ကာ ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားများတွင် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် အသက် ၆ လခန့်ရှိ ကလေးငယ် ၁ ဦးတို့ ပါဝင်ပြီး၊ ၎င်းတို့အနက် ၇ ဦးတွင် နိုင်ငံကူးလက်မှတ်ပါရှိသော်လည်း ခိုင်မာသည့် ခရီးသွားမှတ်တမ်း မရှိသည့်အပြင် ကျန်သူများတွင် မည်သည့် သက်သေခံစာရွက်စာတမ်းမျှ မရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

အသက် ၄၀ အရွယ် မလေးရှားဒေသခံ လမ်းပြအမျိုးသားအား စစ်ဆေးရာ မက်သဖက်တမင်း (Methamphetamine) မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို တွေ့ရှိရသဖြင့် လူကုန်ကူးမှု/မှောင်ခိုကူးမှု တားဆီးရေးဥပဒေအပြင် မူးယစ်ဆေးဝါးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ၃၇ ဦးကိုမူ တရားဝင် စာရွက်စာတမ်း မရှိဘဲ ဝင်ရောက်လာမှုဖြင့် ၁၉၅၉/၆၃ လဝက ဥပဒေအရ စုံစမ်းစစ်ဆေးလျက်ရှိပြီး၊ မလေးရှားအာဏာပိုင်များက နယ်စပ် ကင်းလှည့်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလမ် က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဗီယက်နမ်သို့ လာရောက်ရန် ဖိတ်ကြား
Next post ပုသိမ်ကြီးမြို့နယ်တွင် အရုဏ်ဆွမ်း ဘုန်းပေးခဲ့သည့် သံဃာ ၉၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား