ရုရှားနိုင်ငံရှိ ဓာတုဗေဒဓာတ်ငွေ့ စက်ရုံဝင်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား၍ လူ ၇ ဦး သေဆုံးကာ တရုတ်လုပ်သား ၉ ဦး ပျောက်ဆုံးနေ

ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆
ရုရှားနိုင်ငံ အရှေ့ဖျား အာမူရ် (Amur) ဒေသရှိ ဓာတ်ငွေ့ဓာတုဗေဒ စက်ရုံဝင်းတစ်ခု၌ အင်္ဂါနေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသား ၆ ဦးအပါအဝင် စုစုပေါင်း လူ ၇ ဦး သေဆုံးခဲ့ပြီး တရုတ်လုပ်သား ၉ ဦး ပျောက်ဆုံးနေကြောင်း ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၂၆ ရက်) တွင် စက်ရုံဘက်က Telegram မှတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ မီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်သော်လည်း ဖြစ်စဉ်ကြောင့် လူ ၁၅၂ ဦး ဒဏ်ရာရရှိခဲ့ကာ ၃၆ ဦးကို ဆေးရုံများသို့ တင်ပို့ကုသပေးထားရပြီး အရေးပေါ်ကယ်ဆယ်ရေး လေယာဉ်ဖြင့်လည်း အခြားဆေးရုံများသို့ ပို့ဆောင်ကုသပေးလျက်ရှိပါတယ်။ ယခု မီးလောင်ခဲ့သည့် အာမူရ် ဓာတ်ငွေ့ဓာတုဗေဒ စက်ရုံဝင်း (Amur Gas Chemical Complex) မှာ ရုရှား ရေနံဓာတုဗေဒ ကုမ္ပဏီ Sibur နှင့် တရုတ် Sinopec တို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး ထုတ်လုပ်မှု မစတင်ရသေးမီ စက်ရုံပြင်ဆင်ဆောက်လုပ်နေသည့် အဆင့်တွင်သာ ရှိသေးတာဖြစ်ပါတယ်။
လက်ရှိတွင် ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စက်မှုလုပ်ငန်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများ ချိုးဖောက်မှု ရှိမရှိနှင့် မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ အဆိုပါ စက်ရုံဝင်းသည် စတင်လည်ပတ်ပါက နှစ်စဉ် ပိုလီအက်သလင်း မက်ထရစ်တန် ၂ ဒသမ ၃ သန်းနှင့် ပိုလီပရိုပလင်း တန် ၄၀၀,၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်ပါတယ်။
