ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ ခရီးစဉ်များ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် ဘယ်လာရုစ်နိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

မနက်ပိုင်းတွင် ရုရှားနိုင်ငံ၊ တူဗားပြည်နယ်၊ ကီဇီးလ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာစဉ် တူဗားပြည်နယ် အကြီးအကဲ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး၊ နေပြည်တော်သို့ ရောက်ရှိချိန်တွင် ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများက လေဆိပ်၌ ကြိုဆိုခဲ့ကြပါတယ်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားနှင့် ဘယ်လာရုစ် သမ္မတနှစ်ဦးနှင့် သီးခြားစီ တွေ့ဆုံကာ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် မြှင့်တင်ရေး၊ အာကာသ အပါအဝင် စက်မှု၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စွမ်းအင် စသည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ထို့အပြင် နှစ်နိုင်ငံအလိုက် စီးပွားရေးဖိုရမ်များ ကျင်းပခဲ့ကာ သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာ (MoU) များကိုလည်း လက်မှတ်ရေးထိုး လဲလှယ်နိုင်ခဲ့သဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုသည့် ခရီးစဉ်တစ်ခု ဖြစ်ခဲ့ကြောင်း သိရပါတယ်။
