// | DailyBriefNews တရုတ်သရုပ်ဆောင် ဝမ်ရှင်း ပြန်ပေးဆွဲခံရမှုတွင် ပါဝင်သည့် လူကုန်ကူးဂိုဏ်းဝင် ၁၇ ဦးအား တရားစွဲဆို -

တရုတ်သရုပ်ဆောင် ဝမ်ရှင်း ပြန်ပေးဆွဲခံရမှုတွင် ပါဝင်သည့် လူကုန်ကူးဂိုဏ်းဝင် ၁၇ ဦးအား တရားစွဲဆို

photo_2026-08-20_12-52-39

ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၆

တရုတ်သရုပ်ဆောင် ဝမ်ရှင်းကို မြန်မာနိုင်ငံ မြဝတီဒေသဆီ ပြန်ပေးဆွဲ ခေါ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးဂိုဏ်းဝင် ၁၇ ဦးကို ရှန်ဟိုင်းမြို့တော် ပြည်သူ့အစိုးရ ရှေ့နေရုံးခွဲ (၂) က တရားစွဲဆိုလိုက်ကြောင်း CCTV News မှာ ဖော်ပြထားပါတယ်။ ၎င်းတို့ကို လူပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ တရားမဝင် ချုပ်နှောင်မှု၊ လုယက်မှုနဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု (Telecom Fraud) လုပ်ငန်းတွေမှာ အတင်းအကျပ် ခိုင်းစေမှု အပါအဝင် စွပ်စွဲချက်များစွာနဲ့ ရှန်ဟိုင်းမြို့ အမှတ် (၂) အလယ်အလတ် ပြည်သူ့တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှာ သရုပ်ဆောင် ဝမ်ရှင်းဟာ ဘန်ကောက်မှာ ရိုက်ကူးမယ့် သရုပ်ဆောင်ရွေးချယ်ပွဲ အစီအစဉ်တစ်ခုအတွက် WeChat ကနေတစ်ဆင့် ဒါရိုက်တာအကူလို့ အမည်ခံထားသူနဲ့ ဆက်သွယ်ခဲ့ရာက စတင်ခဲ့တာပါ။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်မှာ ဘန်ကောက်ကို ရောက်ရှိချိန် လာရောက်ကြိုဆိုတဲ့ ယာဉ်နဲ့ ထိုင်း-မြန်မာနယ်စပ်ကနေတစ်ဆင့် မြဝတီမှာရှိတဲ့ ကျားဖြန့် လိမ်လည်မှုစခန်းတွေဆီ အတင်းအကျပ် ခေါ်ဆောင်တာ ခဲ့ရပါတယ်။

ဇန်နဝါရီ ၅ ရက်မှာ ဝမ်ရှင်း ပျောက်ဆုံးနေကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ထိုင်း၊ တရုတ် ကောင်စစ်ဝန်ချုပ်ရုံးနဲ့ နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ ဇန်နဝါရီ ၇ ရက်မှာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ ၎င်းကို ပြန်လည်တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိထားတာမျိုး မရှိဘူးလို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ထို့နောက် ဇန်နဝါရီ ၁၁ ရက်မှာ ဝမ်ရှင်းဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဆီ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဇန်နဝါရီ ၂၅ ရက်မှာ အဓိကသံသယရှိသူ “ဒါရိုက်တာအကူ” ဆိုသူကို ဖမ်းဆီးရမိခဲ့သလို ဖေဖော်ဝါရီလအတွင်းမှာလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားတဲ့ အဓိကသံသယရှိသူ ၁၀ ဦးကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

အဆိုပါ ရာဇဝတ်ဂိုဏ်းဟာ မြဝတီမှာ အခြေစိုက်ပြီး နိုင်ငံခြားမှာ အလုပ်ရမယ်လို့ မက်လုံးပေးကာ တရုတ်နိုင်ငံသားတွေကို လှည့်ဖြားခေါ်ဆောင်ခဲ့တာဖြစ်ပြီး၊ လူကုန်ကူးခံရသူတွေဟာ လုယက်၊ ရိုက်နှက်၊ ချုပ်နှောင်ခံရရုံတင်မကဘဲ အချို့ဆိုရင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာနဲ့ ကျားဖြန့်စခန်းတွေကို ရောင်းစားခံရပြီး အွန်လိုင်းငွေလိမ်လည်မှုတွေမှာ အတင်းအကျပ် ခိုင်းစေတာ ခံခဲ့ရကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိန္ဒိယအစိုးရ ထောက်ပံ့ငွေ ကျပ် ၁၀၉၁ ဒသမ ၄၇၅ သန်းဖြင့် လယ်ဝေးမူလတန်းကြိုကျောင်းတွင် နှစ်ထပ်အဆောက်အအုံ နှစ်လုံး ဆောက်လုပ်မည်
Next post အမေရိကန်၏ နိုင်ငံတော်ကြွေးမြီ အမေရိကန်ဒေါ်လာ ၄၀ ထရီလီယံအထိ စံချိန်တင် မြင့်တက်လာ