မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီဆိုင်ရာ ကိန်းဂဏန်းတွေ လွဲမှားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြောကြား

ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၆
မြန်မာအစိုးရက ထုတ်ပြန်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီ အရေအတွက်ဟာ မှားယွင်းတဲ့ ကိန်းဂဏန်းတွေပေါ်မှာ အခြေခံထားတာဖြစ်တယ်လို့ ဒါကာအစိုးရက ပြောလိုက်ပါတယ်။ ဒါ့အပြင် လူဦးရေ စိစစ်အတည်ပြုတဲ့ လုပ်ငန်းစဉ်တွေကို အရှိန်မြှင့် ဆောင်ရွက်ပေးဖို့နဲ့ ဒုက္ခသည်စခန်းတွေမှာ မွေးဖွားလာတဲ့ ကလေးငယ်တွေကိုပါ လက်ခံပေးဖို့ ဩဂုတ် ၁၉ ရက်က တောင်းဆိုလိုက်ပါတယ်။
မြန်မာဘက်က ဘင်္ဂလားဒေ့ရှ် ပေးပို့ထားတဲ့ စာရင်းအမည် ၈ သိန်းကျော် (၈၂၈,၈၂၄ ဦး) ထဲက ၄ သိန်းကျော် (၄၂၆,၅၄၅ ဦး) ကို စိစစ်ခဲ့ရာမှာ ၃ သိန်းကျော် (၃၀၈,၇၉၇ ဦး) သာ ရခိုင်ပြည်နယ်မှာ တကယ်နေထိုင်ခဲ့သူတွေဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ၄ ထောင်ကျော်ဟာ အကြမ်းဖက်မှုမှာ ပါဝင်နေပြီး ၁ သိန်းကျော်ကိုတော့ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်လို့ မရသေးဘူးလို့ ဆိုပါတယ်။ ဒါကာဘက်ကတော့ ဒီထုတ်ပြန်ချက်ကို ငြင်းဆိုခဲ့ပြီး ကုလသမဂ္ဂ စနစ်အောက် မှတ်ပုံတင်ထားတဲ့ အချက်အလက်တွေကမှ တိကျမယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးနဲ့ တွေ့ဆုံချိန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တူးဖိက်-အူရ်-ရာမန် က စိစစ်ရေး လုပ်ငန်းစဉ်တွေကို မြန်မြန်လုပ်ပေးဖို့၊ ၂၀၁၇ နောက်ပိုင်း ထွက်ပြေးလာသူတွေနဲ့ စခန်းတွေမှာ မွေးလာတဲ့ ကလေးတွေကိုပါ စာရင်းထဲ ထည့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ထို့အပြင် ‘ဘင်္ဂါလီ’ လို့ သုံးနှုန်းတာကိုလည်း ကန့်ကွက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နယ်မြေလုံခြုံရေး အခြေအနေ ကောင်းမွန်လာမှသာ ပြန်လည်လက်ခံရေး စတင်နိုင်မယ်လို့ မြန်မာဘက်က ပြောထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဘင်္ဂါလီတွေ သဘောဆန္ဒအလျောက် ဘေးကင်းဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးဟာ တစ်ခုတည်းသော ရေရှည်ဖြေရှင်းနည်းဖြစ်တယ်လို့ ပြောခဲ့ပြီး မြန်မာသံအမတ်ကြီးကလည်း ဒီစိုးရိမ်ချက်တွေကို မိမိအစိုးရဆီ ပြန်လည်တင်ပြပေးမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
