// | DailyBriefNews ယူကရိန်းကို ဒရုန်းတွေ ထောက်ပံ့ပေးနေတဲ့ ဗြိတိန်ကို ရုရှားက သတိပေး -

ယူကရိန်းကို ဒရုန်းတွေ ထောက်ပံ့ပေးနေတဲ့ ဗြိတိန်ကို ရုရှားက သတိပေး

1000055042

ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၆

ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို ယူကရိန်းဘက်က တိုက်ခိုက်တဲ့အခါ ဗြိတိန်လုပ် မောင်းသူမဲ့ ဒရုန်းတွေကို အသုံးပြုခဲ့တာ အတည်ပြုပြီးတဲ့နောက်မှာ ဗြိတိန် (UK) ဟာ စစ်ပွဲအခြေအနေ ပိုမိုတင်းမာလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ရုရှားက စွပ်စွဲလိုက်ပါတယ်။

ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဗြိတိန်အစိုးရဟာ သွေးထွက်သံယို ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်ကူညီနေသူအဖြစ် လုပ်ဆောင်နေတာဖြစ်ပြီး၊ ဒီလို ပြုလုပ်မှုတွေအတွက် မလွဲမသွေ ပြန်လည်တုံ့ပြန်တာကို ခံရလိမ့်မယ်လို့ သတိပေးထားပါတယ်။ ဒါ့အပြင် စစ်ပွဲမှာ ပါဝင်ပတ်သက်မှု ပိုနက်ရှိုင်းလေလေ၊ ဗြိတိန်အနေနဲ့ ပေးဆပ်ရမယ့် တန်ဖိုးက ပိုမြင့်မားလာလေလေပဲလို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်ဖို့နဲ့ ယူကရိန်း၊ ဗြိတိန်တို့အပြင် မဟာမိတ်တွေကို ကာကွယ်သွားမယ်ဆိုတဲ့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရုရှားအနေနဲ့ သံသယဖြစ်စရာ မလိုကြောင်း BBC ကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ပူတင်ရဲ့ တရားမဝင် ကျူးကျော်မှုကို ကာကွယ်ဖို့အတွက် ယူကရိန်းကို လိုအပ်တဲ့ စစ်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ဗြိတိသျှ ကုမ္ပဏီနှစ်ခုက ထုတ်လုပ်ထားတဲ့ ဒီဒရုန်းတွေကို ရုရှားနိုင်ငံအတွင်းက ရေနံချက်စက်ရုံတွေနဲ့ အွန်လိုင်းရောင်းချရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Wildberries ရဲ့ ဂိုဒေါင်တွေအပါအဝင် စစ်ရေးနဲ့ စက်မှုဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အောင်မြင်စွာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် Wildberries ရဲ့ ထောက်ပံ့ပို့ဆောင်ရေး စင်တာကြီး ၁၀ ခုအနက် ၇ ခုမှာ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပြီး၊ ဒီတိုက်ခိုက်မှုတွေကြောင့် ရုရှားမှာ စီးပွားရေး ပျက်စီးဆုံးရှုံးမှု ပေါင် ၃၅ ဘီလျံကျော်အထိ ရှိခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ညတွင်းချင်း တိုက်ခိုက်မှုမှာတော့ ရုရှားအရာရှိတွေရဲ့ အဆိုအရ မော်စကိုမြို့ ပတ်ဝန်းကျင်ဒေသဆီကို ဒရုန်း ၆၂၀ ခန့် ပျံသန်းလာခဲ့ပြီး၊ ရုရှား လေကြောင်းကာကွယ်ရေးစနစ်က ဒရုန်း ၁၈၀ ကျော်ကို ပစ်ချနိုင်ခဲ့ပေမဲ့ လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ဆက်လက်သွားရောက်မည်
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားကို ချစ်ကြည်ရေးခရီးသွားမယ်လို့ အထက်လွှတ်တော် အတည်ပြု