မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေခံနေရသည့် အသက် ၁၉ နှစ်အရွယ် ရုရှားအမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်လာ

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၆
လစာကောင်းသည့် အလုပ်ရမည်ဟု ဖျားယောင်းသွေးဆောင်ခံရကာ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် ကျားဖြန့် အချစ်တုလိမ်လည်မှု (Romance Scam) လုပ်ငန်းတွင် အဓမ္မခိုင်းစေခံခဲ့ရသည့် အသက် ၁၉ နှစ်အရွယ် ရုရှားအမျိုးသမီး Ms. Mariya Mikhailovna သည် တာချီလိတ်မှတစ်ဆင့် မယ်ဆိုင်ချောင်းကို ဖြတ်သန်းကာ ထိုင်းနိုင်ငံဘက်သို့ စွန့်စွန့်စားစား ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။
၎င်းသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၃,၀၀၀ ရမည်ဟု ကတိပြုခံရသဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော်လည်း တရုတ်နိုင်ငံသား ဦးဆောင်သည့် Romance Scam လုပ်ငန်းတွင် သူမ၏ ရုပ်ရည်ကို အသုံးပြု၍ ဒစ်ဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံရန် လိမ်လည်သည့် အလုပ်များကို အဓမ္မခိုင်းစေခံခဲ့ရခြင်း ဖြစ်ပါတယ်။ ပါဝင်လုပ်ကိုင်ရန် ငြင်းဆန်သည့်အခါ ရုပ်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်ခံခဲ့ရပြီး တာချီလိတ်ရှိ တောင်ပေါ်နှစ်ထပ်အိမ်တစ်ခုအတွင်း ထိန်းသိမ်းခံခဲ့ရပါတယ်။
ဩဂုတ်လ ၉ ရက်နေ့တွင် မြန်မာဘက်ခြမ်းရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ ထိုင်းဘက်ခြမ်းသို့ ဆက်လက်ထွက်ခွာနိုင်ရန် ကူညီပေးခဲ့မှုကြောင့် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး မယ်ဆိုင်မြို့ရှိ Tesco Lotus ဈေးဝယ်စင်တာ ကားပါကင်သို့ ရောက်ရှိလာစဉ် ခန္ဓာကိုယ်၌ ညိုမဲဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရသဖြင့် ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု စီစဉ်ပေးခဲ့ပါတယ်။ လက်ရှိတွင် ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံးနှင့် ပူးပေါင်း၍ ဥပဒေကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ထိုင်းအာဏာပိုင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။
