ဘန်ကောက်တွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ခံရပြီး မြန်မာနိုင်ငံအတွင်း ပိတ်မိနေသည့် အိန္ဒိယလူငယ်များကို ပြန်လည်ခေါ်ဆောင်နိုင်ရန် ပညာရေးဝန်ကြီး အန္ဓရာပရာဒေ့ရှ် ကတိပြု

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်အကိုင်ရရှိမည်ဟု ဆိုကာ လိမ်လည်ခံရပြီးနောက် မြန်မာနိုင်ငံအတွင်း ပိတ်မိနေသည့် အန္ဓရာပရာဒေ့ရှ်ပြည်နယ်မှ အလုပ်လက်မဲ့ လူငယ်တစ်စုကို မိခင်ဒေသသို့ ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်နိုင်ရေး ဆောင်ရွက်ပေးမည်ဟု အိန္ဒိယနိုင်ငံ အန္ဓရာပရာဒေ့ရှ်ပြည်နယ် ပညာရေးဝန်ကြီး Mr. Nara Lokesh က ကတိပြုပြောကြားခဲ့ပါတယ်။ ဝန်ကြီးက ၎င်းတို့အား ပြန်လည်ခေါ်ဆောင်နိုင်ရေး လုပ်ငန်းများ စတင်ရန် ဒေလီရှိ အန္ဓရာပရာဒေ့ရှ် ပြည်နယ်အစိုးရ ကိုယ်စားလှယ်ရုံး (AP Bhavan) အရာရှိများထံ ညွှန်ကြားထားပြီး လူငယ်များအနေဖြင့်လည်း ဆိုက်ဘာရာဇဝတ်မှု ထောင်ချောက်များအတွင်း မကျရောက်စေရေး သတိပြုကြရန် တိုက်တွန်းခဲ့ပါတယ်။
တစ်ဆက်တည်းမှာပင် ဝန်ကြီး Mr. Lokesh က လန်ဒန်မြို့ King’s College ၌ ကျင်းပသည့် နိုင်ငံတကာ သုတေသန နှီးနှောဖလှယ်ပွဲတွင် Quantum Computing နှင့် အနာဂတ် နည်းပညာဆိုင်ရာ သုတေသနများ တင်ပြခဲ့သည့် Vijayawada မြို့မှ ၁၂ တန်းကျောင်းသား Naren ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမရဝတီ (Amaravati) မြို့တွင် အဆင့်မြင့် ကွမ်တမ်မြို့တော် တည်ဆောက်နေချိန်၌ ကျောင်းသား Naren ၏ ပါဝင်ကူညီမှုများကို မျှော်လင့်နေကြောင်းလည်း ဝန်ကြီးက ဆုမွန်ကောင်းတောင်းရင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
