နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် NDAA (မိုင်းလားအဖွဲ့) ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံ

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ လာရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစော၊ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် NDAA ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစန်ပေ့၊ ဦးဆန်လူ တို့ပါဝင်သော နှစ်ဖက် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပါတယ်။


တွေ့ဆုံစဉ် NDAA ဥက္ကဋ္ဌက ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအပေါ် အထူးဒေသ (၄) မိုင်းလားဒေသ တိုင်းရင်းသားပြည်သူများနှင့် NDAA အဖွဲ့တို့မှ အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် NDAA အနေဖြင့် နှစ်ပေါင်း ၃၀ ကျော်ကြာ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” လမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ပြီး နိုင်ငံတော်အစိုးရနှင့် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဟု တင်ပြခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကလည်း မိုင်းလားဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးဆိုင်ရာ ကျောင်းများနှင့် ဆရာ/ဆရာမများ ဖြည့်ဆည်းပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးရုံများ အဆင့်မြှင့်တင်ပေးရေး၊ ဆေးဝန်ထမ်းများ စေလွှတ်ပေးရေးအပြင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများကို အစိုးရမှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟု ဆွေးနွေးခဲ့ပါတယ်။

ထို့နောက် နှစ်ဖက်ခေါင်းဆောင်များသည် နယ်စပ်ကုန်သွယ်ရေးနှင့် မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
