ကျောင်းအတွင်း လေဖိအားသုံး သေနတ်နှင့် လက်နက်များ တွေ့ရှိမှုကြောင့် အင်ဒိုနီးရှားတွင် အွန်လိုင်း သင်ကြားရေးသို့ ပြောင်းလဲ

ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတောင်ပိုင်းရှိ Harapan Ibu Islamic School Foundation က စီမံခန့်ခွဲသည့် ပုဂ္ဂလိက ကျောင်းအတွင်းမှ လေဖိအားသုံး သေနတ် (Airsoft Gun) ၉၉၅ လက်နှင့် အစစ်အမှန် သေနတ် ၁ လက်တို့ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။ အဆိုပါ လက်နက်များကို ဖောင်ဒေးရှင်း ရန်ပုံငွေ အလွဲသုံးစားမှုဖြင့် ရာထူးမှ ထုတ်ပယ်ခံထားရသည့် ဥက္ကဋ္ဌဟောင်း (IWD) ၏ အခန်းကို ရှင်းလင်းရေး ပြုလုပ်စဉ် မူးယစ်ဆေးဟု သံသယရှိသော ပစ္စည်းများ၊ ညစ်ညမ်း ဗီဒီယိုခွေများနှင့်အတူ တွေ့ရှိခဲ့တာပါ။ တွေ့ရှိရသည့် လေဖိအားသုံး သေနတ်များသည် စစ်သုံးမဟုတ်သော်လည်း လူကို သေစေနိုင်သည့်အပြင် အဆိုပါ ကျောင်းတွင် သေနတ်ပစ် သင်တန်း လုံးဝမရှိခဲ့ကြောင်း ဖောင်ဒေးရှင်း ရှေ့နေက အတည်ပြုထားပါတယ်။
ဒီတွေ့ရှိမှုကြောင့် ကျောင်းသားများ၏ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာကို ကာကွယ်ပေးကြရန် အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ကလေးသူငယ် စောင့်ရှောက်ရေး ဝန်ကြီး Arifah Fauzi က တိုက်တွန်းခဲ့သလို လွှတ်တော်အမတ် Adang Daradjatun ကလည်း ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့ပါတယ်။ လက်ရှိတွင် သော့ခတ်ထားဆဲဖြစ်ပြီး ဘန်ကာပုံစံ အခန်းများ အပါအဝင် ကျန်ရှိနေသည့် အခန်းများကို ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးနေရဆဲ ဖြစ်တာကြောင့် ကျောင်းသားများ၏ လုံခြုံရေးအတွက် ဂျကာတာတောင်ပိုင်းရှိ အဆိုပါ ဖောင်ဒေးရှင်းပိုင် ကျောင်းများအားလုံးကို တနလ္လာနေ့မှစ၍ တစ်ပတ်ကြာ အွန်လိုင်းမှတစ်ဆင့် ပြောင်းလဲ သင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။
