// | DailyBriefNews (၃၄) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာပဏာမလက်ရွေးစင်များ လေ့ကျင့်မှုအရှိန်မြှင့် -

(၃၄) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာပဏာမလက်ရွေးစင်များ လေ့ကျင့်မှုအရှိန်မြှင့်

ဇူလိုင် ၂၄၊ ၂၀၂၆

၂၀၂၇ ခုနှစ်တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာပဏာမလက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်ပြင်ဆင်မှုများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ဦးဆောင်သည့်အဖွဲ့သည် ယမန်နေ့က ကျိုက္ကဆံအားကစားကွင်း၌ စခန်းသွင်းလေ့ကျင့်နေသည့် ပဏာမလက်ရွေးစင် အလေးမနှင့် ဝူရှူးအားကစားသမားများ၏ လေ့ကျင့်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး နည်းပြများနှင့် အားကစားသမားများကို တွေ့ဆုံအားပေးခဲ့ပါတယ်။

တွေ့ဆုံစဉ် အားကစားသမားများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းမွန်ရေးတို့ကို အလေးထားဆောင်ရွက်ရန်၊ လေ့ကျင့်မှုများကို စနစ်တကျပြုလုပ်၍ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီအောင် ကြိုးပမ်းရန်နှင့် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိနိုင်ရေး အလေးထားကြိုးစားရန် ဒုတိယညွှန်ကြားရေးမှူးချုပ်က မှာကြားခဲ့ပါတယ်။

အားကစားသမားများ၏ လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြကာ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ၌ တာဝန်ခံနည်းပြများနှင့် လေ့ကျင့်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတက်ရောက်ခဲ့ပြီး ISPE အမျိုးသား၊ အမျိုးသမီး ဘောလုံးအသင်းများနှင့်လည်း တွေ့ဆုံအားပေးခဲ့ပါတယ်။

ယင်းအပြင် ရေကူး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ကရာတေး၊ လက်ဝှေ့၊ မြားပစ်၊ ဘော်လီဘော၊ ရွက်လှေ၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ တက်ဘောနှင့် ပြေးခုန်ပစ် အားကစားနည်းများမှ ပဏာမလက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်မှုများကိုလည်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခွဲထွက်ရေး အစ္စလာမ် အစွန်းရောက် သောင်းကျန်းသူများ ထကြွနေသည့် နရာသီဝပ်ရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး
Next post ယာဉ်အိုယာဉ်ဟောင်း ၈၀,၀၀၀ ကို EV ယာဉ်များဖြင့်လဲလှယ်ရန် ဘတ် ၂၄ ဘီလျံတန်စီမံကိန်းကို ထိုင်းစတင် ဆန်းစစ်ဆောင်ရွက်နေ