// | DailyBriefNews ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲ မနက်ဖြန်လုပ်မယ် -

၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲ မနက်ဖြန်လုပ်မယ်

ဇူလိုင် ၂၂၊ ၂၀၂၆

(၂၀) ကြိမ်မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အုပ်စုမဲခွဲပွဲကို မနက်ဖြန် (ဇူလိုင် ၂၃) မှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ရှိ ဟေတန်နာဂိုယာမှာ ပြုလုပ်မှာဖြစ်ပါတယ်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၂၆ အာရှဖလားအမျိုးသမီးပြိုင်ပွဲဝင်ခွင့်ရ အသင်း ၁၂ သင်းနဲ့ ကျင်းပရန်စီစဉ်ထားတာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှဖလားအမျိုးသမီးပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင်ဘဲ တက်ရောက်ကစားခွင့် မရခဲ့ပေမဲ့ အသင်းအချို့ နုတ်ထွက်သွားတာကြောင့် အစားထိုးအနေနဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းက ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ မြန်မာအမျိုးသမီးအသင်း လေးသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။

ဒီအသင်း လေးသင်းမှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အမျိုးသမီးအသင်းတွေက  ၂၀၂၆ အာရှဖလားအမျိုးသမီးပြိုင်ပွဲကို တက်ရောက်ကစားခွင့်ရရှိထားခဲ့တာကြောင့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကိုလည်း ဝင်ရောက်ကစားခွင့် ရရှိတာဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာအမျိုးသမီးအသင်းတွေကတော့ ၂၀၂၆ အာရှဖလားအမျိုးသမီးပြိုင်ပွဲကို ခြေစစ်ပွဲမအောင်မြင်ခဲ့သော်လည်း အီရန်၊ အိန္ဒိယအမျိုးသမီးအသင်းတိုနေရာမှာ အစားထိုးဝင်ရောက်ကစားခွင့် ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အိမ်ရှင် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ ဥဇဘက်ကစ္စတန်အသင်း ၁၂ သင်းနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲဝင် အသင်း ၁၂ သင်းကို လေးသင်း လေးအုပ်စုခွဲပြီး ပထမအဆင့်အုပ်စုပတ်လည်ပုံစံနဲ့ ကျင်းပသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲကို လာမယ့်စက်တင်ဘာ ၁၉ ရက်မှာ စတင်မှာဖြစ်သော်လည်း အမျိုးသမီးဘောလုံးပြိုင်ပွဲများကိုမူ စောပြီး စက်တင်ဘာ ၁၄ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ နာဂိုယာမြို့နဲ့ အီချီမြို့တွေမှာ စက်တင်ဘာ ၁၉ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ ကျင်း​ပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အနီးစပ်ဆုံးအဖြစ် ပြီးခဲ့တဲ့ ဇွန်လအတွင်းက ရန်ကုန်မြို့မှာ သုံးပွင့်ဆိုင် ခြေစမ်းပွဲ ကစားထားပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အဲဒီခြေစမ်းပွဲများမှာ ဥဇဘက်ကစ္စတန်ကို (ဝ-၁) ဂိုးနဲ့ ရှုးနိမ့်ပြီး ထိုင်းနဲ့ (၁-၁) ဂိုး သရေကျခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမား၏ သွင်းဂိုးဖြင့် ထိုင်းကလပ်ကို ရန်ကုန်စီးတီး အနိုင်ယူ
Next post ကမ္ဘာ့အဆင့် 8 Ball ပြိုင်ပွဲမှာ ဘုန်းမြင့်ကျော် (ခ) အားတီ ဒုတိယဆုရရှိ