// | DailyBriefNews မြန်မာဘော်လီဘောအသင်း အရှေ့တောင်အာရှဖလားပြိုင်ပွဲမှာ (၃) ပွဲစလုံးရှုံးနိမ့် -

မြန်မာဘော်လီဘောအသင်း အရှေ့တောင်အာရှဖလားပြိုင်ပွဲမှာ (၃) ပွဲစလုံးရှုံးနိမ့်

ဇူလိုင် ၂၀၊ ၂၀၂၆

 (၆) ကြိမ်မြောက် အရှေ့တောင်အာရှဘော်လီဘောဖလားပြိုင်ပွဲ (6th SEA V Cup) ကို မြန်မာအမျိုးသားလက်ရွေးစင် ဘော်လီဘောအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၃) ပွဲစလုံးရှုံးနိမ့်ပြီး အဆင့် (၆) နေရာသာ ရရှိခဲ့ကြောင်း သိရပါတယ်။

(၆) ကြိမ်မြောက် အရှေ့တောင်အာရှဘော်လီဘောဖလားပြိုင်ပွဲ (6th SEA V Cup) ကို ဇူလိုင် ၁၅ ရက်ကနေ ၁၉ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ ကွန်ဒွန်မြို့ရှိ ကွန်ဒွန်အရီနာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းမှ အိမ်ရှင်ဖိလစ်ပိုင်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား အမျိုးသားလက်ရွေးစင် ဘော်လီဘောအသင်း (၆) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်အသင်း (၆) သင်းကို ပထမအဆင့် အနေဖြင့် (၃) သင်း (၂) အုပ်စုခွဲ ကျင်းပခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် အဆင့်သတ်မှတ်ချက်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) မှာ အိမ်ရှင်ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယာ၊ အုပ်စု (B) မှာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့ ကျရောက်ခဲ့ပါတယ်။

ပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းမှ ထိပ်ဆုံးရပ်တည်မှုရ အမျိုးသားဘော်လီဘောအသင်း (၆) သင်းဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။

မြန်မာအမျိုးသားဘော်လီဘောအသင်းဟာ အုပ်စုပွဲစဉ်များအဖြစ် ဇူလိုင် ၁၆ ရက်က ထိုင်းအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ရာမှာ (၁၅-၂၅၊ ၁၆-၂၅၊ ၁၉-၂၅) မှတ်၊ (၃) ပွဲပြတ်၊ ဇူလိုင် ၁၇ ရက်က ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ (၁၈-၂၅၊ ၂၃-၂၅၊ ၁၉-၂၅) မှတ်၊ (၃) ပွဲပြတ်တွေနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မြန်မာဘော်လီဘောအသင်းဟာ ဇူလိုင် (၁၈) ရက်မှာ အဆင့် (၅) နေရာလုပွဲအဖြစ် ဖိလစ်ပိုင်အသင်းနဲ့ ဆက်လက်ယှဥ်ပြိုင်ကစားခဲ့ပြီး (၂၁-၂၅၊ ၂၆-၂၈၊ ၂၂-၂၅) မှတ်၊ (၃) ပွဲပြတ်နဲ့ ရှုံးနိမ့်ပြီး အဆင့် (၆) နေရာသာ ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲအဖြစ် အင်ဒိုနီးရှားအသင်းနဲ့  ကမ္ဘောဒီးယားအသင်းတို့ ယှဥ်ပြိုင်ကစားရာ ကမ္ဘောဒီးယားအသင်းက (၃-၂) ပွဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပြိုင်ပွဲအပြီးမှာ ကမ္ဘောဒီးယားက ရွှေတံဆိပ်၊ အင်ဒိုနီးရှားက ငွေတံဆိပ်၊ ထိုင်းက ကြေးတံဆိပ်၊ ဗီယက်နမ်က အဆင့် (၄)၊ ဖိလစ်ပိုင်က အဆင့် (၅) နေရာ ရရှိခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ထိုင်းဆီးဂိမ်းစ် အမျိုးသားဘော်လီဘော်ပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ အင်ဒိုနီးရှားအသင်းက ငွေတံဆိပ်၊ ဖိလစ်ပိုင်အသင်းက ကြေးတံဆိပ်ဆုများ ရရှိထားပြီး မြန်မာအသင်းက အဆင့် ၅ ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု
Next post U12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ ပဏာမ ကစားသမား ထပ်မံရွေးချယ်