// | DailyBriefNews မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းပွဲကို FPT Play ကနေပြသမယ်လို့ VFF ကြေငြာ -

မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းပွဲကို FPT Play ကနေပြသမယ်လို့ VFF ကြေငြာ

ဇူလိုင် ၁၈၊၂၀၂၆

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ဟာ မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ယှဥ်ပြိုင်ကစားမယ့် ဒီညနေ ခြေစမ်းပွဲကို FPT Play ကနေ ပြသမယ်လို့ ကြေငြာထားပါတယ်။

FPT Play ဆိုတာ ဗီယက်နမ်နိုင်ငံရဲ့ Online Broadcasting တစ်ခုဖြစ်ပြီး မြန်မာ – ဗီယက်နမ်အသင်းပွဲကို FPT Play Youtube Channel ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသွားဖွယ်ရှိနေပါတယ်။ 

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ နော်ဝေလူမျိုး အန်ဒါဆင်ဟာ ဗီယက်နမ်အသင်းနဲ့ ကစားမယ့်ခြေစမ်းပွဲအတွက် ကစားသမား (၂၆) ဦး ရွေးချယ်ခေါ်ယူသွားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းမှာ မောင်မောင်လွင်၊ နန္ဒကျော်၊ ဟိန်းဖြိုးဝင်း၊ ကျော်မင်းဦး၊ သန်းပိုင် တို့လို ဝါရင့်ကစားသမားတွေ ပါဝင်မှာဖြစ်သလို ပထမဆုံးလက်ရွေးစင်အဖြစ် ရွေးချယ်ခံရတဲ့ အလယ်တန်းလူ ကောင်းမြတ်ငြိမ်၊ ရှေ့တန်းလူ စောမျိုးဇော် တို့လည်း ပါဝင်သွားကြောင်းသိရပါတယ်။

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်ထားပါတယ်။

VFF ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများအဖြစ် ဗီယက်နမ်ဒေါင် ၁၀၀၀၀၀၊ ၂၀၀၀၀၀၊ ၃၀၀၀၀၀ သတ်မှတ်ထားပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ခြေစမ်းပွဲအပါအဝင် ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် ဇွန် ၁၈ ရက်ကစပြီး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ဖိလစ်ပိုင်သုံးနိုင်ငံဖိတ် ခေါ်ဖလားပြိုင်ပွဲအပြီး လေ့ကျင့်မှုကို ခေတ္တရပ်နားခဲ့ပြီး ဇွန် ၁၈ ရက်မှစကာ  ပြန်လေ့ကျင့်တာဖြစ်ပါတယ်။ 

မြန်မာ့လက်ရွေးစင်အသင်းဟာ ဖိလစ်ပိုင်သုံးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ဂူအမ်အသင်းကို (၆-၁) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဖိလစ်ပိုင်အသင်းကို (၁-၅) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ဟာ ဒီညနေမှာ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ဗီယက်နမ်နိုင်ငံ၊  ထရန်ငုရင်မြို့ရှိ ပရိသတ် ၂၂၀၀၀ ဆံ့ ထရန်ငုရင်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်း နှစ်သင်းစလုံးဟာ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ခြေစမ်းကစားခြင်းဖြစ်ကြောင်း သိရပါတယ်။ 

ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ နောက်ဆုံးတွေ့ဆုံထားခဲ့ပြီး ထိုစဉ်က ဗီယက်နမ်အသင်းက (၅-ဝ) ဂိုးနဲ့ အနိုင်ရထားပါတယ်။

၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ အုပ်စု (B) မှာ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နဲ့ ကျရောက်နေပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဧရာဝတီအမျိုးသမီးအသင်း ဂျပန်အမျိုးသမီးနည်းပြ ကူမီကိုကို တာဝန်ပေးခန့်အပ်
Next post အိန္ဒိယထိန်းချုပ်မှုအောက်ရှိ ကက်ရှ်မီးယားဒေသတွင် ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ၁၁ ဦးသေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေ