အရှေ့တောင်အာရှ ဘော်လီဘောဖလားပြိုင်ပွဲ မြန်မာဝင်ရောက် ယှဥ်ပြိုင်မယ်

ဇူလိုင် ၁၅၊ ၂၀၂၆
(၆) ကြိမ်မြောက် အရှေ့တောင်အာရှ ဘော်လီဘောဖလားပြိုင်ပွဲ (6th SEA V Cup) ကို မြန်မာအမျိုးသားလက်ရွေးစင် ဘော်လီဘောအသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
(၆) ကြိမ်မြောက် အရှေ့တောင်အာရှ ဘော်လီဘောဖလားပြိုင်ပွဲ (6th SEA V Cup) ကို ဇူလိုင် ၁၅ ရက်ကနေ ၁၉ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ ကွန်ဒွန်မြို့ရှိ ကွန်ဒွန်အရီနာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းမှ အိမ်ရှင် ဖိလစ်ပိုင်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား အမျိုးသားလက်ရွေးစင် ဘော်လီဘောအသင်း (၆) သင်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲဝင်အသင်း (၆) သင်းကို ပထမအဆင့် အနေဖြင့် (၃) သင်း (၂) အုပ်စု ကျင်းပမှာဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် အဆင့်သတ်မှတ်ချက်ပွဲများ ဆက်လက်ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) မှာ အိမ်ရှင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယာ၊ အုပ်စု (B) မှာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့ ကျရောက်နေလျက်ရှိကြောင်း သိရပါတယ်။ ပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းမှ ထိပ်ဆုံးရပ်တည်မှုရ အမျိုးသားဘော်လီဘောအသင်း (၆) သင်းဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာအမျိုးသားဘော်လီဘောအသင်းဟာ အုပ်စုပွဲစဉ်များအဖြစ် ဇူလိုင် ၁၆ ရက်တွင် ထိုင်းအသင်း၊ ဇူလိုင် ၁၇ ရက်တွင် ဗီယက်နမ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။ အုပ်စုပတ်လည်ပွဲများကို ဇူလိုင် ၁၅၊ ၁၆၊ ၁၇ ရက်များမှာ ကျင်းပသွားမှာဖြစ်ပြီး ဇူလိုင် ၁၈ ရက်တွင် အုပ်စု (A) ပထမရအသင်းနဲ့ အုပ်စု (B) ဒုတိယရအသင်း၊ အုပ်စု (A) ဒုတိယရအသင်းနဲ့ အုပ်စု (B) ပထမရအသင်း၊ အုပ်စု (A) တတိယရအသင်းနဲ့ အုပ်စု (B) တတိယရအသင်းတို့ အဆင့်သတ်မှတ်ချက်ပွဲများအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ ဇူလိုင် ၁၉ ရက်တွင် အဆင့်သတ်မှတ်ချက်ပွဲများမှ အနိုင်ရအသင်း အချင်းချင်း ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ထိုင်းဆီးဂိမ်း အမျိုးသားဘော်လီဘော်ပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ အင်ဒိုနီးရှားအသင်းက ငွေတံဆိပ်၊ ဖိလစ်ပိုင်အသင်းက ကြေးတံဆိပ်ဆုများ ရရှိထားပြီး မြန်မာအသင်းက အဆင့် ၅ ရရှိခဲ့ပါတယ်။
