// | DailyBriefNews ဝါတစ်ဧက ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပိုလျှံထွက်ရှိသည့် ဝါဂွမ်းများရောင်းချရရှိငွေမှာ အမေရိကန် ဒေါ်လာသန်း ၅၀၀ ခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား -

ဝါတစ်ဧက ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပိုလျှံထွက်ရှိသည့် ဝါဂွမ်းများရောင်းချရရှိငွေမှာ အမေရိကန် ဒေါ်လာသန်း ၅၀၀ ခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား

1000051662

ဇူလိုင် လ ၁၃ ရက်၊ ၂၀၂၆

ဝါတစ်ဧကလျှင် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပိုလျှံထွက်ရှိသည့် ဝါဂွမ်းများရောင်းချရရှိငွေမှာ အမေရိကန် ဒေါ်လာသန်း ၅၀၀ ခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မကွေးမြို့တွင် ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ဝါလုပ်ငန်းနှင့် ပတ်သက်၍ “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှု လုပ်ငန်းဆီသို့” ဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်၍ အတွေ့အကြုံများကို ဖလှယ်သွားကြမည်ဖြစ်ကြောင်း၊ ဝါနှင့်ပတ်သက်၍ ဝါစိုက်ပျိုးမှု၊ ဝါမှဝါဂွမ်း၊ ဝါဂွမ်းမှချည်မျှင်ကို ထုတ်လုပ်ကြခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆောင်ရွက်ချိန်တွင် ဝါစိုက်တောင်သူများ မပါဝင်သဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးသည် ဝါစိုက်ပျိုးမှု များပြားသည့်အတွက် မကွေးမြို့တွင်ကျင်းပပြုလုပ်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပင်ဖြစ်ပြီး ဆန်စပါးကို အဓိကသီးနှံအဖြစ်စိုက်ပျိုးကာ အခြားသီးနှံများကိုလည်း စိုက်ပျိုး ထုတ်လုပ်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်တွင် လိုအပ်ချက်ဖြစ်နေသည့် စားနပ်ရိက္ခာနှင့် အဝတ်အထည်များကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်သော ရေခံမြေခံကောင်းသည့် နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ရေမြေအနေအထားအရ စိုက်ပျိုးမွေးမြူရေးကို ကိုယ်တိုင်ဆောင်ရွက်သည့်နိုင်ငံများရှိသကဲ့သို့ မဆောင်ရွက်နိုင်သည့်နိုင်ငံများလည်းရှိကြကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အတူ စက်မှုနည်းပညာပိုင်းဆိုင်ရာများကို အဓိကဆောင်ရွက်ကြသည့် နိုင်ငံများလည်းရှိကြကြောင်း၊ မိမိတို့နိုင်ငံတွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း ၊ ဝါ စသည့် သီးနှံများနှင့် အခြားသီးနှံများကို စိုက်ပျိုးကြပြီး ယခင်က စိုက်ပျိုးရေးထွက်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းမပြုဘဲ ကုန်ကြမ်းအနေဖြင့်သာ တင်ပို့ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် Agro-based Industries ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများကို တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ်ထုတ်လုပ်ခြင်းဖြင့် နိုင်ငံအတွက် ဝင်ငွေပိုမိုရရှိမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိလာမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် စက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ပြီး စက်ရုံများလည်ပတ်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုများ၊ ဝန်ဆောင်မှု လုပ်ငန်းများ ကိုလည်း ဆက်စပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ GDP သည်လည်း တိုးတက်လာမည်ဖြစ်ကာ နိုင်ငံ၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးမြင့်တက်လာမည် ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ တိုးတက်မှုစံနှုန်းကို GDP ဖြင့် တိုင်းတာကြပြီး လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ရှိကြောင်း၊ ကဏ္ဍကြီး သုံးခုအနေဖြင့်တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်လျက်ရှိပြီး အားလုံးတိုးတက်မှသာလျင် GDP သည်လည်း တိုးတက် လာနိုင်မည် ဖြစ်ကြောင်းလည်း ဦးမင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။

ထိုအထဲတွင် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း အရေးကြီးသည့် ကဏ္ဍမှ ပါဝင်သည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်များကိုထမ်း ဆောင်ခဲ့ရချိန်တွင် ဝါစိုက်ပျိုး မှုနှင့်ပတ်သက်၍ စိစစ်ကြည့်ရာ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် စိုက်ဧက ၈ သိန်းကျော်ခန့် ရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၄ သိန်းခန့်သာရှိခဲ့ကြောင်း၊ နှစ်အလိုက် ဝါစိုက်ပျိုးမှုများ၊ ဝါစိုက်ဧကများ လျော့နည်း ကျဆင်းလာခဲ့သည် ကိုတွေ့ရှိရကြောင်း၊ လူတို့၏ဘဝတွင် အဝတ်အထည်သည် မွေးစမှ သေဆုံးသည်အထိ နေ့စဉ်အသုံးပြုနေရသည်ဖြစ်သဖြင့် ဝါသည်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေ ကြောင်း၊ ဝါသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ် ပြီး ဝါမှဝါဂွမ်း၊ ဝါဂွမ်းမှ ချည်နှင့်ချည်ထည်များ၊ ဝါစေ့မှ ဆီနှင့် တိရစ္ဆာန်အစာအဖြစ် ပြုလုပ်နိုင်သည့် ဝါစေ့ကြိတ်ဖတ်များကို ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ဝါမှတဆင့် စက်မှုလုပ်ငန်းများကို ဆက်စပ် ဆောင်ရွက်နိုင်သည်ဖြစ်သဖြင့် အမှန်တကယ်အကျိုးရှိ သည့်လုပ်ငန်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ယခင်က ချည်မျှင်ရှည်ဝါထွက်ရှိသည် ဟုဆိုသော်လည်း အဆင့်မီရန် လိုအပ်နေဆဲဖြစ်သဖြင့် ပြည်ပနိုင်ငံများမှ အဆင့်မီဝါမျိုးများကိုတင်သွင်းစိုက်ပျိုးခဲ့ကြရကြောင်း၊ ဝါအရည်အသွေးကောင်းမွန်မှ ချည်အရည်အသွေးကောင်းမွန်မည်ဖြစ်ပြီး အရည်အသွေး ကောင်းမွန်သည့် ဝါများရရှိရေးအတွက် စိုက်ပျိုးရေးတွင်အဓိကအချက် လေးချက် ဖြစ်သည့် မျိုး၊ မြေ၊ ရေ နည်း ၄ ရပ်နှင့်ပြည့်စုံရန်လိုကြောင်း၊ အရည်အသွေးကောင်းမွန်သည့် မျိုးများရရှိအောင် ဆောင်ရွက်ရမည်၊ မြေကောင်းမွန်မှုရှိစေရေး စနစ်တကျပြုပြင်ရမည်၊ စိုက်ပျိုးရေနှင့် အောင်ရေများ လုံလောက်စွာရရှိရမည်၊ နည်းစနစ်တကျဖြင့် အမြဲသုတေသနပြု စိုက်ပျိုးရမည်ဖြစ်ကြောင်း။ အထွက်နှုန်းနှင့် စိုက်ပျိုးရေနှင့်အောင်ရေများကို နေရောင်ခြည် ဝါစိုက်ပျိုးရေးအတွက်လိုအပ်သည့် စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်သားများ ရှားပါးလာခြင်းကြောင့် မျိုးစေ့ချကိရိယာ Feed Seeder များဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်နည်းစနစ်များကောင်းမွန် လာမည် ဆိုပါက အထွက်နှုန်းများ ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးရာတွင် သတ်မှတ်ထားသည့် ပင်ကြား၊ တန်းကြား မှန်ကန်စွာစိုက်ပျိုးမှသာ အထွက်နှုန်း ကောင်းမည်ဖြစ်ကြောင်းလည်း ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ထို့ကြောင့် မိမိတို့နိုင်ငံတော်တာဝန်ယူခဲ့ရပြီး နောက်ပိုင်းတွင် ဝါစိုက်ပျိုးမှုများအား အားပေးဆောင်ရွက်ခဲ့ပြီး ဝါစိုက်ပျိုးမှုတွင် တစ်နိုင်ငံလုံးပျမ်းမျှအထွက်နှုန်းအနေဖြင့် ၂၀၂၁ – ၂၀၂၂ ခုနှစ်တွင် စိုက်ဧက ၃ ဒသမ ၉ သိန်းကျော်၌ တစ်ဧကအထွက်နှုန်း ၄၃၆ ပိဿာရှိကြောင်း၊ ၂၀၂၅ – ၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ဝါစိုက်ပျိုးဧက ၅ ဒသမ ၄ သိန်းကျော်ရှိပြီး တစ်ဧကအထွက်နှုန်း ၄၉၉ ဒသမ ၂ ရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝါထွက်ရှိမှုမှာ ပိဿာချိန်ပေါင်း ၂၇၄၃ သိန်းကျော် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဝါ လိုအပ်ချက်နှင့် နှိုင်းယှဉ်တွက်ချက်ကြည့်မည်ဆိုပါက များစွာပိုလျှံထွက်ရှိသည်ကို တွေ့ ရကြောင်း၊ လက်ရှိ ကမ္ဘာတွင်ပေါက်ဈေးအရ ဝါဂွမ်းတစ်တန်လျင် အမေရိကန်ဒေါ်လာ ၁၈၀၀ နှင့် ၁၉၀၀ ကြားတွင်ရှိပြီး မိမိတို့နိုင်ငံတွင် သတ်မှတ်ထားသည့် ဝါတစ်ဧက ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပိုလျှံထွက်ရှိသည့် ဝါဂွမ်းများရောင်းချရရှိငွေမှာ အမေရိကန် ဒေါ်လာသန်း ၅၀၀ ခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသည့်သူများအနေဖြင့်လည်း နိုင်ငံတော်အတွက်အကျိုးဖြစ်စေမည့် လက်တွေ့ကျသည့် ဆွေးနွေးမှုများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူချိန် ကာလအတွင်း ဝါစိုက်ပျိုးထုတ်လုပ်မှုကို အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဝါစိုက်တောင်သူမျာ ဝါထုတ်ကုန်လုပ်ငန်းများဆောင်ရွက်ကြသူများနှင့် နိုင်ငံတော်အတွက် များစွာ အကျိုးရှိစေနိုင်မည် ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးမှုကိုအခြေခံ၍ Agro-based Industries အဖြစ် ဆောင်ရွက်သွားရန်လိုပြီး ယခုကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲကို မိမိတို့နိုင်ငံ၏ ဝါစိုက်ပျိုးထုတ်လုပ်မှု အနာဂတ် အခန်းကဏ္ဍတွင် အမှန်တကယ် အကျိုးရှိသည့် ဆွေးနွေးပွဲအဖြစ် ဆောင်ရွက်သွားကြရန်တိုက်တွန်း မှာကြားလိုကြောင်း။

ယနေ့ ဆွေးနွေးပွဲတွင် ဝါနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်ဆွေးနွေးဆောင်ရွက်သွားကြရန်လိုပြီး ဝါစိုက်ပျိုးမှုနှင့် ဝါထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ ဝါစိုက်ပျိုးမှုသည် နိုင်ငံတော်အတွက် အကျိုးရှိသည့် လုပ်ငန်းဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် တာဝန်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ထုတ်လုပ်မှုနှင့်ပတ်သက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဌာနတို့အနေဖြင့် အလေးထားဆောင်ရွက်ရန်နှင့် ဝါစိုက်ပျိုးတောင်သူများနှင့် တာဝန်ရှိသူများ ကလည်း တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် သီလရှင်ဆရာလေးတစ်ပါးက ပါရဂူဘွဲ့ကျမ်းကို အောင်မြင်စွာ ရေးသားတင်သွင်းနိုင်ခဲ့သဖြင့် ပါရဂူဘွဲ့ အပ်နှင်းခြင်းခံရမည်ဟု သိရဩ၏
Next post ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ နိုင်ငံတော်သမ္မတ တက်ရောက်၍ စိန်ပန်းပြာပျိုးပင်အား ဦးဆောင် စိုက်ပျိုးပေး