ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် ကဏ္ဍများ၌ အမျိုးသမီးများကို တာဝန်ပေးခန့်အပ်ထားဟု နိုင်ငံတော်သမ္မတ ပြောကြား

ဇူလိုင် ၆၊ ၂၀၂၆
၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပေးပို့သည့် အဖွင့်ဗီဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်ချမှတ်နိုင်သော ကဏ္ဍများတွင် အမျိုးသမီးများကို တာဝန်ပေးခန့်အပ်ထားပြီး တက်ကြွစွာ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခန့်အပ်ခဲ့သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၁၅,၅၂၂) ဦးအနက် အမျိုးသမီး အုပ်ချုပ်ရေးမှူး (၁၀၉) ဦးကို တာဝန်ပေးခန့်အပ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။
“ဒီအချက်အလက်တွေအရ အမျိုးသမီးတွေဟာ ရပ်ရွာခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ ကဏ္ဍတွေမှာ တာဝန်ပေးခန့်အပ်ထားပြီး တာဝန်ထမ်းဆောင်နေကြတာကို တွေ့မြင်နေရပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် လွှတ်တော်အသီးသီးတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၏ ပါဝင်မှုနှုန်းသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ၄ ဒသမ ၈ ရာခိုင်နှုန်း၊ ဒုတိယအကြိမ်တွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် တတိယအကြိမ်တွင် ၁၄ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေးကဏ္ဍတွင်လည်း အမျိုးသမီး ဒုတိယရဲအုပ်နှင့်အထက် အရာရှိများ၏ ပါဝင်မှုသည် ၂၀၂၁ ခုနှစ်က ၁၂ ဒသမ ၈၇ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်တွင် ၁၇ ဒသမ ၅၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိနှင့်အထက်၊ ဒုတိယမြို့နယ်တရားသူကြီးနှင့်အထက် ရာထူးများတွင်လည်း အမျိုးသမီးပါဝင်မှု ၅၃ ရာခိုင်နှုန်းကျော်ရှိသဖြင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားလာကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
