အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပ၊ အတိုးတက်ဆုံး အားကစားသမားဆုများနှင့် ပြိုင်ပွဲဆုများ ချီးမြှင့်

ဇူလိုင် ၁၊ ၂၀၂၆
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် မြားပစ်ပြိုင်ပွဲနဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြားပစ်လေ့ကျင့်ရေးကွင်းမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
ပြိုင်ပွဲတွင် အမျိုးသားနဲ့ အမျိုးသမီး Recurve နဲ့ Compound အမျိုးအစားများအတွက် Ranking Round၊ အကြိုဗိုလ်လုပွဲများနဲ့ ဗိုလ်လုပွဲများကို ကျင်းပခဲ့ပြီး အားကစားသမားများက ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
ပြိုင်ပွဲအပြီး ကျင်းပတဲ့ ဆုချီးမြှင့်ပွဲတွင် အမျိုးသား အတိုးတက်ဆုံးအားကစားသမားဆုကို မောင်မျိုးသူရမျိုးဆက်ကလည်းကောင်း၊ အမျိုးသမီး အတိုးတက်ဆုံးအားကစားသမားဆုကို မနီနီဝင်းကလည်းကောင်း ရရှိခဲ့ကြပါတယ်။

ဒါ့ပြင် ၁၅ မီတာ Recurve တစ်ဦးချင်းပြိုင်ပွဲတွင် မောင်မျိုးသူရမျိုးဆက်က ပထမ၊ မောင်ရဲရင့်ပိုင်က ဒုတိယနဲ့ မောင်ချစ်ဦးက တတိယဆု၊ ၃၀ မီတာ Compound တစ်ဦးချင်းပြိုင်ပွဲတွင် မနီနီဝင်းက ပထမ၊ မောင်ဝေယံထက်က ဒုတိယနဲ့ မပွင့်မာလာသော်က တတိယဆု၊ ၃၀ မီတာ Recurve တစ်ဦးချင်းပြိုင်ပွဲ တွင် မစန္ဒာစိုးထွန်းက ပထမ၊ မချိုချိုဇင်က ဒုတိယနဲ့ မမိုးစက်တင်က တတိယဆုတို့ကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြပါတယ်။
ဆုရရှိသူများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီနဲ့ အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆုတံဆိပ်များနဲ့ ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။
အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌနဲ့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌနဲ့ ဒုတိယဝန်ကြီး ဦးညီညီ၊ အားကစားနဲ့ ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့ကြကြောင်း သိရပါတယ်။
