China International Sepaktak raw Open ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးပိုက်ကျော်ခြင်းအသင်း ရွှေတစ်ခု၊ ကြေးတစ်ခု ဆွတ်ခူး

ဇွန် ၂၄၊ ၂၀၂၆
တရုတ်နိုင်ငံ၊ Guizhou ပြည်နယ်၊ Huis hui County တွင် ဇွန်လ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ “2026 China International Sepaktakr aw Open” ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိကာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးအသင်းသည် အသင်းကြီး (၅) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးလေးယောက်တွဲ (Women Quadrant Event) အုပ်စုပတ်လည်ပွဲစဉ်များတွင် ထိုင်း၊ လာအို၊ တရုတ်နဲ့ ကွေ့ကျိုး(တရုတ်) အသင်းတို့ကို အနိုင်ယူကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။

အလားတူ ပြိုင်ပွဲဝင် (၅)သင်း ပါဝင်သော အမျိုးသမီးသုံးယောက်တွဲ (Women Regu Event) တွင် လည်း ထိုင်း၊ လာအို၊ တရုတ် နှင့် ကွေ့ကျိုး(တရုတ်) အသင်းတို့နှင့်ယှဉ်ပြိုင်ခဲ့ကာ မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုတစ်ခုကို ထပ်မံဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
အဆိုပါ နိုင်ငံတကာပြိုင်ပွဲတွင် အောင်မြင်မှုရယူပေးခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးပိုက်ကျော်ခြင်းအဖွဲ့မှာ အုပ်ချုပ်သူအဖြစ် ဦးဌေးဝင်းအောင်၊ နည်းပြအဖြစ် ဦးအောင်မျိုးဆွေတို့က ဦးဆောင်ခဲ့ပြီး၊ ကစားသမားများအဖြစ် ယမုံဇင်၊ ဖူးဖူး၊ နေခြည်နွေး၊ ယဉ်ယဉ်ဌေးနှင့် သီရိအောင်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါတယ်။
