// | DailyBriefNews တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးတို့ တွေ့ဆုံ -

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးတို့ တွေ့ဆုံ

ဇွန်လ ၂၄ ရက်၊ ၂၀၂၆

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူးဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသူ ဝမ်ယိသည် အင်္ဂါနေ့က နယူးဒေလီမြို၌ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး Sergei Shoiguနှင့် တွေ့ဆုံခဲ့ပါတယ်။

​၎င်းတို့နှစ်ဦးသည် (၁၆) ကြိမ်မြောက် (BRICS) နိုင်ငံတော်လုံခြုံရေးအကြံပေးများနှင့် လုံခြုံရေးဆိုင်ရာအဆင့်မြင့်ကိုယ်စားလှယ်များအစည်းအဝေးသို တက်ရောက်ရန် နယူးဒေလီမြို့သို့ ရောက်ရှိနေကြခြင်းဖြစ်ပါတယ်။

​ပြီးခဲ့သည့် မေလက တရုတ် – ရုရှား နှစ်နိုင်ငံတို့အကြား အတည်ပြုခဲ့သည့် ပူးတွဲကြေညာချက်နှစ်စောင်ကို ပြန်လည်ရည်ညွှန်းပြီး ဝမ်ယိက— တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ့ခေါင်းဆောင်နှစ်ဦး ရရှိထားသည့် အရေးကြီးသောအများသဘောတူညီချက်ကို အကောင်အထည်ဖော်ရန်၊ ဘက်စုံမဟာဗျူဟာမြောက် ညှိနှိင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ နှစ်နိုင်ငံအလျင်အမြန် ဖွံဖြိုးတိုးတက်ရေးနှင့် ပြန်လည်ဆန်းသစ်လာစေရေးကို မြှင့်တင်ရန်နှင့် လူသားမျိုးနွယ်စု၏ ငြိမ်းချမ်းစွာဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်-ရုရှားတို့က ကူညီပံ့ပိုးပေးနိုင်ရန် ရုရှားနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

BRICS သည် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဘက်စုံဝါဒကို ကျင့်သုံးရန်၊ မျှတမှုနှင့် တရားမျှတမှုကို ထိန်းသိမ်းရန်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ရန်အတွက် အရေးကြီးသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ထောက်ပြလျက် BRICS ယန္တရား ပိုမိုအားကောင်းလာစေရေးနှင့် တိုးချဲ့နိုင်ရေးအတွက် တရုတ်နှင့် ရုရှားတို့အနေဖြင့် ညှိနှိင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ (Global South) ၏ ဦးဆောင်အင်အားစု ဖြစ်လာစေရန် ဝမ်ယိက တိုက်တွန်းခဲ့ပါတယ်။

​ယခုအစည်းအဝေးသည် BRICS နိုင်ငံများ၏ အများသဘောတူညီချက်အပေါ် စုစည်းရန်၊ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်၊ လုံခြုံရေးပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန်၊ မငြိမ်မသက်ဖြစ်နေသော ကမ္ဘာကြီးအတွင်းသို့ ပိုမိုသေချာရေရာမှုများ ထည့်သွင်းပေးရန်နှင့် “BRICS ၏ ပံ့ပိုးကူညီမှုများ” ပိုမိုပြုလုပ်နိုင်ရန် ဦးတည်သင့်ကြောင်းလည်း ဝမ်ယိက ထပ်လောင်းပြောကြားခဲ့ပါတယ်။

​Sergei Shoigu ကလည်း ရုရှားနှင့် တရုတ်နိုင်ငံ့ခေါင်းဆောင်များအကြား စဉ်ဆက်မပြတ် နီးကပ်စွာ အပြန်အလှန်ဆက်သွယ်နေခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲစွာ ဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံအာမခံချက်ဖြစ်ပြီး နှစ်နိုင်ငံအကြား ထူးခြားဆန်းသစ်ကာ အဆင့်မြင့်မားသော ဆက်ဆံရေးရှိနေခြင်းကို ပြသနေကြောင်း ပြောကြားခဲ့ပါတယ်။

​၎င်းက လုံခြုံရေးကဏ္ဍတွင် ပြင်ပအင်အားစုများ၏ ကြားဝင်စွက်ဖက်မှုနှင့် ထိုးဖောက်ဝင်ရောက်မှုများကို တွန်းလှန်ရန်နှင့် ဂျပန်နိုင်ငံ၏ စစ်အင်အားပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုကို ဆန့်ကျင်ရန်အတွက် နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနှင့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိင်းစေရေး တောင်းဆိုခဲ့ပါတယ်။

​ရုရှားနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးတွဲကာကွယ်စောင့်ရှောက်ရန်အတွက် ဘရစ်စ် (BRICS) ကဲ့သိုသော ဘက်စုံယန္တရားများတွင် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ညှိနှိင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်-မော်လမြိုင် DEMU ရထား အချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားများ ထုတ်ပြန်
Next post အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ ရတနာပုံအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်တင်