
“ပေါက်နေပြီ” Album Live Show အတွက် စာနယ်ဇင်း မိတ်ဆက်ပွဲကျင်းပခဲ့တဲ့ အဆိုတော် ကျော်ကျော်နန္ဒနဲ့ ကျော်ကျော်အိန္ဒြာ
သရုပ်ဆောင် အဆိုတော်ကျော်ကျော်နန္ဒနဲ့ ကျော်ကျော်အိန္ဒြာတို့က “ပေါက်နေပြီ” Album Live Show အတွက် စာနယ်ဇင်း မိတ်ဆက်ပွဲကို စက်တင်ဘာ ၃ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ Asahi 3 Restaurant မှာကျင်းပခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ လေးခွေမြောက် Album ထွက်မှာပါ။ အရင် VCD ခေတ်တုန်းက ကျွန်တော် ၃ ခွေထွက်ထားခဲ့ပါတယ်။ ဒီခွေမှာက ကျော်ကျော်အိန္ဒြာရော ပါလာတာပေါ့။ ဒါကတော့ သူ့ရဲ့ First Album ပေါ့။ ဒီသီချင်းခွေရဲ့ Title Song ဖြစ်တဲ့ ပေါက်နေပြီ သီချင်းကို ကျော်ကျော်အိန္ဒြာက ဆိုထားတာပါ။ ကျွန်တော်က ဖြူစင်သောအချစ်၊ ၅၂၈ မေတ္တာဆိုရင်လည်း ကျွန်တော့်ရဲ့ဂျော့(စ်)စပဲရိုးနှင့် ငါးသလဲထိုး ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ဝင်တေးသုံးထားတဲ့ ဂီတမှူးကိုစိုးရေးပေးတာပါ။ အဲမှာတော့ တခြားအဆိုတော် ဆိုပေးထားတာပါ။ ကိုလေးလွင် သီချင်းတွေလည်းပါပါတယ်။ ဆု၊ ရွှေရုပ်ကလေးကောက်ရသလို၊ ဦးဘညွှန့်ရဲ့ ချစ်ဒုက္ခ၊ ညမွှေးပန်းစတာတွေပါပါတယ် “လို့ တေးသံရှင် ကျော်ကျော်နန္ဒက ပြောပါတယ်။

အဆိုပါ Album မှာတော့ တေးရေး ဆရာ ကိုလေးလွင်၊ ဂီတမှူးကိုစိုးတို့က ရေးသားထားတဲ့ တေးသီချင်း ၁၂ ပုဒ်ပါဝင်တာလည်း ဖြစ်ပါတယ်။ ဒီခွေမှာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ တေးသီချင်းဟောင်းတွေပါဝင်သလို Music Maxing အနေနဲ့ ကိုမောင်မောင်က ဖန်တီးပေးထားတာလည်းဖြစ်ပါတယ်။

ကျော်ကျော်အိန္ဒြာကတော့ ပေါက်နေပြီ၊ ဘီလူးခေါင်းလေး၊ စတော်ဘယ်ရီချစ်သည်းရှင်၊ စပါကလင်အချစ် စတဲ့ တေးသီချင်း ၅ ပုဒ် ပါဝင်ဆိုထားတယ်လို့ သိရပါတယ်။