
အဆုတ်နှစ်ခြမ်းအစားမထိုးမီ လေးကြိမ်သေဆုံးခဲ့ရတဲ့ UFC ဖိုက်တာဟောင်း Ben Askren

ဇူလိုင်လ ၁၀ ရက်
အရင်က UFC တိုက်ခိုက်ရေးသမား Ben Askren ဟာ ပြင်းထန်ဘက်တီးရီးယားပိုးဝင်ပြီးနောက်မှာ နမိုးနီးယားဖြစ်ကာ အဆုတ်နှစ်ခြမ်းစလုံး တစ်ပြိုင်နက်လဲဖို့ လိုအပ်ခဲ့ပြီး ဒီအဆုတ်နှစ်ခြမ်း မလဲမီအချိန်မှာ သူဟာ လေးကြိမ်သေဆုံးခဲ့ရတယ်လို့ ပြောဆိုပါတယ်။

အသက် ၄၀ နှစ်အရွယ် Askren ဟာ Staphylococcus (စတက်ဖီလိုကော့ကပ်စ်) ခေါ် ဘက်တီးရီးယားပိုးဝင်ပြီးနောက်ပိုင်း နမိုးနီးယားဖြစ်ပွားခဲ့ပုံကို လုံးဝမှတ်မိခြင်းမရှိခဲ့ဘူးလို့လည်းဆိုခဲ့ပေမယ့် လက်ရှိမှာတော့ “အခက်အခဲတွေကနေ ကျော်လွှားလာနိုင်ခဲ့ပြီ”လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ်မှာ UFC မှာ ထိုးသတ်ပြီးနောက်ပိုင်း MMA ကစားသမားဘဝက အနားယူခဲ့တဲ့ Askren ဟာ ဇွန်လမှာ ဝစ္စကွန်ဆင်ပြည်နယ်က ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပြီး အသက်ရှုစက်တပ်ဆင်ကာ အဆုတ်နှစ်ခြမ်းစလုံး အစားထိုးကုသဖို့ စာရင်းသွင်းခဲ့ရပါတယ်။
ဆေးရုံခုတင်ပေါ်ကနေ ပြောလာတဲ့ Instagram ဗီဒီယိုတစ်ခုမှာ Askren က သူဟာ ၄၅ ရက်အတွင်း ပေါင် ၅၀ (၂၂ ဒသမ ၇ ကီလိုဂရမ်ကျော်) ကျသွားခဲ့တယ်လို့ ပြောခဲ့သလို နမိုးနီးယားကူးစက်ခံရတဲ့အဖြစ်အပျက်ကို သူဘာမှ မမှတ်မိခဲ့ဘူးလို့ ပြောပါတယ်။
“မေလ ၂၈ ရက်ကနေ ဇူလိုင် ၂ ရက်နေ့အထိ ဘာဖြစ်ခဲ့တယ်ဆိုတာ ဘာမှမမှတ်မိလို့ ကျွန်တော့်ဇနီးရဲ့ မှတ်တမ်းကို ဖတ်ကြည့်ခဲ့ရတာ” လို့ ဗုဒ္ဓဟူးနေ့မှာ Askren က ပြောခဲ့ပါတယ်။