// | DailyBriefNews ၁၃၈၇ ခုနှစ် ဝါဆိုလပြည့်တွင် ရွှေတိဂုံစေတီတော် အပါအဝင် ဘုရားစေတီများ၌ ဘုရားဖူးလာရောက်သူများပြား  -

၁၃၈၇ ခုနှစ် ဝါဆိုလပြည့်တွင် ရွှေတိဂုံစေတီတော် အပါအဝင် ဘုရားစေတီများ၌ ဘုရားဖူးလာရောက်သူများပြား 

၁၃၈၇ ခုနှစ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဇူလိုင် ၉ ရက်တွင် ရွှေတိဂုံစေတီတော် အပါအဝင် ဘုရားစေတီများတွင် ဘုရားဖူးလာရောက်သူ များပြားခဲ့ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်သူ ဧည့်ပရိသတ်များသည် ဘုရားဝတ်ပြုခြင်း၊ သီလခံယူခြင်း၊ ပန်းရေချမ်း ဆီမီးလှူဒါန်းခြင်း အစရှိသည့် ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ခဲ့ကြပြီး ဆေးဝါးနှင့် ရေသန့် လှူဒါန်းခြင်းများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့် (၉-၇-၂၀၂၅ ရက်) တွင် ဓမ္မစကြာအခါတော်နေ့အခမ်းအနားနှင့် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝါခေါင်လပြည့်နေ့ (၈-၈-၂၀၂၅ ရက်) တွင် မေတ္တာအခါတော်နေ့ အခမ်းအနားနှင့် ပန်းပေါင်း (၈၄၀၀၀) ပူဇော်ပွဲအခမ်းအနား၊ တော်သလင်းလပြည့်နေ့ (၆-၉-၂၀၂၅ရက်) တွင် ဂရုဓမ္မအခါတော်နေ့အခမ်းအနား၊ သီတင်းကျွတ်အဖိတ်နေ့ (၅-၁၀-၂၀၂၅ရက်) တွင် သီတင်းကျွတ် မီးထွန်းပွဲတော်အခမ်းအနား၊ သီတင်းကျွတ်လပြည့် (၆-၁၀-၂၀၂၅ရက်) တွင် အဘိဓမ္မာအခါတော်နေ့အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

ရွှေတိဂုံစေတီတော်တွင် ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များတွင် ဘုရားဖူးပြည်သူများအနေဖြင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန် သီလခံယူပွဲများ စီစဉ်ထားကြောင်း သိရသည်။ 

ထို့ပြင် ဗိုလ်တထောင်စေတီတော်တွင်လည်း ဘုရားဝတ်ပြုခြင်း၊ သီလခံယူခြင်းနှင့် စတုဒီသာလှူဒါန်းခြင်း စသည့် ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၉-၇-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post တစ်ချိန်က လူငယ်ပရိသတ်များစွာထဲမှာ အောင်မြင်ခဲ့သည့် TEENS အဖွဲ့ဝင် ကိုထူး (ခ) ထူးဝင်းဖေ ကွယ်လွန်