
မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲသို့ နစကဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက်အားပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှသည် နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တွင် ယနေ့ ကျင်းပသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု “ယဉ်ကျေးဝေဆာ မေမြန်မာ၊ မျိုးဂုဏ်မပျက် ဝတ်ဆင်လျက်” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲသို့ တက်ရောက်အားပေးခဲ့သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူးပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က အဆိုပါ ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို စီစဉ်တင်ဆက်ခြင်းဖြစ်သည်။
အခမ်းအနားတွင် “မြန်မာအမျိုးသမီးများနေ့” တေးသီချင်း၊ “ဗမာမလေးပါရှင်” “အင်အားသစ်များနှင့်အတူ” တေးသီချင်းများနှင့် သုံးရာသီချစ်သူ တေးသီချင်းများ၊ “နွေဂိမာန်အလှမေမြတ်ဝါဆိုက”၊ “ယုံးယုံးလက်ရာဝဿန်ခါ”၊ နှင့် “ဟေမာန်ဆောင်း အသွင်ပိုးမင်းကြီးအဆင်” ခေါင်းစဉ်တို့ဖြင့် နာမည်ကျော်ဝတ်စုံဒီဇိုင်နာများ ဖန်တီးဆန်းသစ်ထားသောဝတ်စုံများ ဝတ်စားဆင်ယင်ပြသမှု၊ တစ်ခန်းရပ်ပြဇာတ်များတင်ဆက်မှု၊ “ကမ္ဘာတည်သရွေ့” တေးသီချင်းနှင့် နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် နစက ဥက္ကဋ္ဌ၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးတို့က ဂုဏ်ပြုပန်းစည်းများချီးမြှင့်ရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့ကလည်းကောင်း၊ ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို စီစဉ်တင်ဆက်သော မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်အတွင်းရေးမှူး၊ ဒါရိုက်တာ ဒေါ်မြတ်မြတ်ဦးနှင့် ပါဝင်ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များကိုယ်စား အကယ်ဒမီများရှင် ရန်အောင်နှင့် စိုးမြတ်သူဇာတို့ကလည်းကောင်း လက်ခံရယူကြသည်။