// | DailyBriefNews ဂန္ထ၀င်တေးသံရှင် မာမာအေး အသက် (၈၂)နှစ်ပြည့် အမှတ်တရ စာအုပ်ပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲ ကျင်းပ -

ဂန္ထ၀င်တေးသံရှင် မာမာအေး အသက် (၈၂)နှစ်ပြည့် အမှတ်တရ စာအုပ်ပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲ ကျင်းပ

ဂန္ထ၀င်တေးသံရှင် မာမာအေးရဲ့ အသက် (၈၂)နှစ်ပြည့် အမှတ်တရ စာအုပ်ပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲကို ယနေ့ ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်းရှိ The Royal Music Academy မှာ ကျင်းပခဲ့ပါတယ်။

လင်းလွန်းခင်စာပေတိုက် တည်ထောင်သူ ဦးသိန်းလွင်က ဂန္ထ၀င် တေးသံရှင် မာမာအေးရေးသားထားတဲ့ “ရင်ဖွင့်ကြည့်ပါ သူငယ်ချင်း” စာအုပ်ထုတ်ဝေဖြန့်ချိဖြစ်တဲ့အကြောင်း၊ အမှတ်တရ စာအုပ်ပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲဖြစ်ပေါ် လာပုံတွေနဲ့ ကျေးဇူးတင်စကားတွေကို ပြောကြားခဲ့ပါတယ်။

“ပထမအကြိမ်တုန်းက ၂၀၁၂ ခုနှစ်မှာ ဒေါ်မာမာအေး အသက် ၇၀ နှစ်ပြည့်မွေးနေ့ အမှတ်တရပွဲကို Central ဟိုတယ်မှာ လုပ်ခဲ့တယ်။ အခုကတော့ ထပ်ပြီးတော့ အမှတ်တရအနေနဲ့ လုပ်ဖြစ်တဲ့ ပွဲလေးဖြစ်တယ်။ တေးသံရှင် မာမာအေး အသက် (၈၂)နှစ်ပြည့် အမှတ်တရအနေနဲ့ရော “ရင်ဖွင့်ကြည့်ပါ သူငယ်ချင်း”ဆိုတဲ့ စာအုပ်လေးကို ဒုတိယအကြိမ် ပြန်ရိုက်မယ်လို့ စိတ်ကူးပြီး လုပ်ဖြစ်တာပါ။ တေးသံရှင် မာမာအေးကွယ်လွန်သွားတာလည်း ၆လလောက်ရှိသွားပြီဆိုတော့ စာအုပ်ပွဲလေး လုပ်မယ်ဆိုရင်းနဲ့ ဂီတပွဲလေးလည်း လုပ်ချင်တော့ မြန်မာမှုစန္ဒရား ပညာရှင်တွေ၊ လူမှုကူညီရေးအဖွဲ့ဝင်တွေက ဂီတ ဖျော်ဖြေပွဲကို ဖြစ်မြောက်အောင်လုပ်ပေးမယ်ဆိုတာနဲ့ အဆင်ပြေပြေလုပ်ဖြစ်ခဲ့တယ်။ The Royal Music Academy ကလည်း Sponsor ပေးတယ်။ သီဆိုဖို့ ခွင့်ပြုချက်ပေးတဲ့ တေးရေးဆရာကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ လာတဲ့ဧည့်ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဝိုင်းဝန်းပြီး ကူညီပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်”လို့ လင်းလွန်းခင်စာပေတိုက်တည်ထောင်သူ ဦးသိန်းလွင်က ပြောပါတယ်။

ဒီအခမ်းအနားမှာတော့ ဂန္ထဝင် တေးသံရှင် မာမာအေး အသက် (၈၂)နှစ်ပြည့် အမှတ်တရ စာအုပ်ပွဲတော်နဲ့ ဂီတ ဖျော်ဖြေပွဲနဲ့စပ်လျဉ်းပြီးတော့ စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)နဲ့ စာရေးဆရာ ချစ်ဦးညိုက အမှတ်တရ စကားပြောကြားခဲ့ပါတယ်။

ဂန္ထဝင် တေးသံရှင်ကြီး တင်တင်မြကလည်း ကွယ်လွန်‌သူဂန္ထဝင် တေးသံရှင် မာမာအေးမကွယ်လွန်ခင်က ဆေးကုသပေးခဲ့တဲ့ ဆရာဝန်တွေကို ပြောချင်ခဲ့တဲ့ တေးသီချင်းကို အမှတ်တရဂုဏ်ပြုစကားပြောကြားပြီးတော့ သီဆိုခဲ့ပါတယ်။ တေးသံရှင် မာမာအေး အသက် (၈၂)နှစ်ပြည့်အမှတ်တရ ဂီတဖျော်ဖြေပွဲကို “ပန်းသခင်” တေးသီချင်းနဲ့ တေးသံရှင် အနုပညာရှင်တွေက စတင်အဖွင့်အနေနဲ့သီဆိုခဲ့ပြီး တေးသံရှင် မာမီရီရီသန့်က “သည်လမ်းသည်စခန်း” တေးသီချင်း၊ တေးသံရှင် ကျော်ကျော်ဟန် က “ဖက်ခွက်စားရှင်းတမ်း” တေးသီချင်း၊ တေးသံရှင် နှင်းရည်သန့်က “တရေးချစ်ခွင့်မြင်ရနိုး” တေးသီချင်း ၊ တေးသံရှင် မောင်သိန်းဝင်းနဲ့ စိမ်းလဲ့လဲ့ တို့က “ချစ်သောည” တေးသီချင်း ၊ တေးသံရှင် ရွှေယမင်းဦးက “မြခြူသံ” တေးသီချင်း ၊ တေးသံရှင် ဖိုးသောကြာက “ငယ်ကျွမ်းဆွေ” တေးသီချင်းနဲ့ အခြား တေးသံရှင် အနုပညာရှင်တွေကလည်း သီဆို ဖျော်ဖြေ ခဲ့ကြပါတယ်။

လင်းလွန်းခင်စာပေတိုက်က ထုတ်ဝေဖြန့်ချိတဲ့ ဂန္ထ၀င် တေးသံရှင် မာမာအေး ရေးသားထားတဲ့ “ရင်ဖွင့်ကြည့်ပါ သူငယ်ချင်း” စာအုပ်ကိုလည်း မိတ်ဆက်ခဲ့ပြီး မြန်မာမှုစန္ဒရား ပညာရှင်များ လူမှုကူညီရေးအဖွဲ့ဝင်တွေရဲ့ တီးခတ်မှုနဲ့အတူ နိုင်ငံကျော် အဆိုတော်တွေက ဂန္ထဝင် တေးသံရှင် “မာမာအေး”ရဲ့ တေးသီချင်းတွေကို သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၈-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post AA အကြမ်းဖက်အဖွဲ့က သံတွဲ – ဂွ ကားလမ်းပေါ်မှ ချင်းကွင်းတံတားအား မိုင်းခွဲဖျက်ဆီး