// | DailyBriefNews မရှိမဖြစ် သုံးနေရသည့် ဆေးဝါးများကို ပြည်သူထံ တိုက်ရိုက်ရောင်းချမည် -

မရှိမဖြစ် သုံးနေရသည့် ဆေးဝါးများကို ပြည်သူထံ တိုက်ရိုက်ရောင်းချမည်

ပြည်တွင်းစျေးကွက်နှင့် ပြည်သူများ မရှိမဖြစ် အသုံးပြုနေရသည့် ဆေးဝါးများကို ဇူလိုင် ၁၇ မှ စတင်ကာ ဆေးကုမ္ပဏီများမှ တိုက်ရိုက်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အသိပေးကြေညာ ထားသည်။

ထိုကဲ့သို့ရောင်းချပေးခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာ ပြုလုပ်ခြင်း ဖြစ်သည်။ စျေးကွက်အတွင်းလိုအပ်သည့် ဆေးဝါးများကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ရောင်းချပေးမှုကို ယနေ့ ဇူလိုင်လ ၁၇ ရက်မှ စတင်၍ အပတ်စဥ်တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆေးဝါးများရောင်းချပေးသွားမည်ဖြစ်သည်။

ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် လိုအပ်လျက်ရှိသည့် ဆေးဝါးများအား အဆိုပါဆေးရောင်းချပွဲတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်း အသိပေးကြေညာထားသည်။

လက်ရှိတွင် ပြည်တွင်း၌ အများပြည်သူအသုံးများသည့် အိမ်သုံးဆေးဝါးများသည်ပင် ယခင်ထက် ဈေးနှုန်းမြင့်တက်နေကာ နာတာရှည်လူနာများ၏ မဖြစ်မနေ နေ့စဉ်သုံးဆေးဝါးများဖြစ်သည့် နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါ ဆေးဝါးများသည်လည်း ဈေးနှုန်းကြီးမြင့်လျှက်ရှိနေသည်။

မြန်မာ့ဆေးဝါးဈေးကွက်တွင် ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံများမှ တင်သွင်းနေခြင်းဖြစ်ပြီး ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ” နို့ထမင်း ” ရုပ်ရှင်ဇာတ်ကားကြီး Press Show ကျင်းပ
Next post ရန်ကုန် -မော်လမြိုင် ကားလမ်း သထုံမြို့နယ် အနီးရှိ ကရင်လေးဆိပ်တံတား အကြမ်းဖက်လက်ချက်ဖြင့် ပျက်စီး