// | DailyBriefNews ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော် ကျင်းပမည် -

၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော် ကျင်းပမည်

၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ကျင်းပပေးရန် စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ စီစဉ်နေခြင်းနှင့် ပတ်သက်၍ ဇန်နဝါရီ (၂၃)ရက် က နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) တွင် ကျင်းပသည့် ၂၀၂၃ ခုနှစ်အတွင်း အာရှနှင့် ကမ္ဘာ့အဆင့် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုသည့်အခမ်းအနားတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်ရေး၊ လူငယ်၊ လူရွယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားပြီး အားပေးလာစေရေး၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်စေရန် အထောက်အကူ ပြုနိုင်စေရေး ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ဝန်ကြီးဌာန အသီးသီးနှင့် ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့များအနေဖြင့်လည်း ဝန်ကြီးဌာနများနှင့် ပြည်နယ်၊တိုင်းဒေသကြီး ကိုယ်စားပြုအသင်းများကို ၂ဝ၂၄ ခုနှစ် အမျိုးသားအားကစား ပွဲတော်တွင် အဆင့်မီမီ အင်ပြည့်အားပြည့်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်သွားကြရန်နှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း နစက ဥက္ကဋ္ဌက မှာကြားသွားသည်။

ထို့အပြင် လာမည့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ် ဂျပန်နိုင်ငံတွင်ကျင်းပမည့် အကြိမ် (၂၀) မြောက်အာရှအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း အရေအတွက်သာမက အားကစားသမားအရေအတွက်ပါ တိုးမြှင့်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုးစားကြရန်လည်း မှာကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲများတွင် မြန်မာ အားကစားသမားများအနေဖြင့် ယခုထက်ပိုမိုအောင်မြင်မှုရရှိစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းပြီး လူရွေးချယ်ရေး စီမံချက်၊ လေ့ကျင့်ရေးစီမံချက်၊ အောင်နိုင်ရေး စီမံချက်များကို စနစ်တကျ ရေးဆွဲပြီး  ကြိုတင်ပြင်ဆင်ကာ စီမံဆောင်ရွက်သွားကြရန် လည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းမှာကြားသွားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိုဟာမက်ဆာလက်ချ်ရဲ့ဒဏ်ရာ ထင်ထားတာထက် ပိုဆိုးကြောင်း လီဗာပူးလ် ဆို
Next post မြဝတီအသင်းမှ ဟိန်းဇေယျာမင်းကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက် အသင်းခေါ်ယူ