မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ် ၃၀ ဦး ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာ

အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သားသမီးများ၊ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် စစ်သည်များ ပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ် ၃၀ ဦးသည် ယနေ့တွင် ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မင်းလတ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အောက်တိုဘာ ၂၆ ရက်အထိ ကြာမြင့်မည့် ခရီးစဉ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ အမှတ်အများဆုံးရရှိသူ ၁၆ ဦး၊ လူရည်ချွန်ဆုရ ၇ ဦး၊ ဂုဏ်ထူးသုံးဘာသာရ စစ်သည် ၂ ဦး၊ ကျောင်းအုပ်ကြီး ၁ ဦးနှင့် အုပ်ချုပ်မှုတာဝန်ခံ ၄ ဦးတို့ ပါဝင်ပြီး တပ်မတော်အနေဖြင့် ၂၀၂၃ ခုနှစ်မှစ၍ ထူးချွန်ကျောင်းသားများနှင့် စစ်သည်များအား ပြည်ပလေ့လာရေးခရီးစဉ်များ စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
